နှစ်ပတ်လည်အထိမ်းအမှတ် BG အဖွဲ့ သွေးလှူ

NLD လူငယ်တွေ ဦးစီးတဲ့ BG ခေါ် ‘Blood Group သွေးအကူအညီပေးရေး အဖွဲ့’ တည်ထောင်ခြင်း နှစ်ပတ်လည်နဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းပွဲတွေကို မနေ့က စပြီး ဆောင်ရွက်ခဲ့ကြောင်း BG အဖွဲ့က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေရဲ့ BG ခေါ် သွေးအကူအညီပေးရေး အဖွဲ့က မူလတန်း ကလေးတွေနဲ့ မိဘမဲ့ လေလွင့်ကလေးတွေ အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ဖွင့်လှစ်သည့် အခမ်းအနား ဖြစ်ပါသည်။ ဓါတ်ပုံ- nldburma nldburma.org

သွေးလှူဒါန်းပွဲတွေကို ၃ ရက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ နှစ်ပတ်လည် အထိမ်းအမှတ် သွေးလှူဒါန်းမှုနဲ့ ပတ်သက်ပြီး BG အဖွဲ့တာဝန်ခံ ကိုလင်းထက်က နိုဝင်ဘာလ ၁၂ ရက် မနေ့ကစပြီး ရန်ကုန်မြို့က ဆေးရုံ အတော်များများမှာ သွေးပုလင်း ၃ဝ ကျော် လှူဒါန်းခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ လှူဒါန်းကြမှာ ဖြစ်ကြောင်း၊ ‘မွန်မြတ်စေတနာ’၊ ‘ကရုဏာရှင်’ နဲ့ တခြား သွေးလှူအဖွဲ့တွေလည်း ပူးပေါင်း ဆောင်ရွက်ကြကြောင်း ပြောပါတယ်။

လက်ရှိ အဖွဲ့ဝင် ၃ သောင်းကျော် ပါဝင်တဲ့ BG သွေးလှူအဖွဲ့ဟာ သွေးလှူဒါန်းတဲ့ အလုပ်အပြင် တခြား ကူညီကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေကြတယ်လို့ ကိုလင်းထက်က ပြောပါတယ်။

မကြာသေးခင်က တောင်ဒဂုံမြို့နယ်မှာ ပညာရေး အားနည်းနေတဲ့ ကလေးငယ်တွေအတွက် အသက်မွေးဝမ်းကျောင်း ပညာသင် ကျောင်းတကျောင်း ဖွင့်လှစ်ခဲ့ပြီး ကျောင်းစာ မသင်နိုင်တဲ့ လူငယ်တွေကို ဆံပင်ညှပ်၊ ကားပြုပြင်၊ သံဂဟေဆော် စတဲ့ အသက်မွေးဝမ်းကျောင်း ပညာတွေကို အလုပ်ခွင် ဝင်နိုင်တဲ့အထိ သင်ကြားပေးခဲ့ရာမှာ ခုအခါမှာ သင်တန်းသား ၄ ရာကျော် ရှိသွားပြီလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org