လွိုင်ကော်မှာ စစ်လက်ကျန်ဗုံးသီး ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦး ဒဏ်ရာရ

2022.04.04
လွိုင်ကော်မှာ စစ်လက်ကျန်ဗုံးသီး ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦး ဒဏ်ရာရ လွိုင်ကော်မြို့မှာ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် တိုက်ပွဲများကြောင့် ထွက်ပြေးကြရသော ဒေသခံများအား တွေ့ရစဉ်။
Photo: Karenni Free Burma Rangers

ကယား (ကရင်နီ)ပြည် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာ ဧပြီလ ၄ ရက် ဒီနေ့မနက်က စစ်လက်ကျန်ဗုံးသီး ပေါက်ကွဲရာကနေ ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကလေး မိခင်တစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီကလေးနှစ်ဦးဟာ သူတို့ခြံဝင်းထဲမှာရှိနေတဲ့ ဗုံးသီးကို ဆော့ကစားရာကနေ ပေါက်ကွဲ ပြီး ထိခိုက်ဒဏ်ရာရခဲ့ တာလို့ ကလေးမိခင်တစ်ဦးက ပြောပါတယ်။

"ကလေးတွေက ဆော့ရင်းနဲ့ ငှက်ပျောပင်ကြားမှာ သွားတွေ့တော့ ထိသွားတယ်။ ကလေးနှစ်ယောက် သူတို့သူငယ်ချင်း နှစ်ယောက်ပေါ့၊ ယောကျ်ားလေး နှစ်ယောက်"

ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးနှစ်ဦးဟာ အသက် ၉ နှစ်အရွယ် မောင်ဩဂတ်စတင်းနဲ့ အသက် ၈ နှစ်အရွယ် မောင်ဒေးဗစ်ဂျွန်အောင်တို့ဖြစ်ပြီး ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ပြောပါတယ်။

အဲဒီအိမ်ခြံဝင်းထဲမှာ မပေါက်ကွဲသေးတဲ့ နောက်ထပ် ဗုံးသီးတစ်လုံးကိုပါ တွေ့ရှိခဲ့ရတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလက တိုက်ပွဲတွေ ပြင်းထန် ခဲ့တာပါ။ အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာကနေ အခု အခြေအနေတွေ တည်ငြိမ်နေလို့ သူတို့ရဲ့ နေအိမ်တွေကို ပြန်လာနေကြတာ ဖြစ်ပါတယ်။

ကယားပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်အထိ သေဆုံးတဲ့ အရပ်သား ၂၄၇ ဦးအထိ ရှိနေတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) က ဧပြီ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

အာကာလင်း
2022-04-09 01:24

အချိန်နဲ့တပြေးညီ တင်ပြပေးနိုင်စေချင်ပါတယ်