ရန်ကုန်မှာ ဗုံးပေါက် တစ်ဦး သေဆုံး၊ ကလေးမြို့က အထက်တန်းကျောင်း မီးရှို့ခံရ

2021.05.16

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်း မြို့နယ်အုပ်ချုပ်ရေးရုံးဘေးက Denko ဆီဆိုင်မှာ ဒီနေ့ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် အမျိုးသားတစ်ယောက် သေဆုံးသွားပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားဟာ ဆိုင်ကယ်ဆီဖြည့်ဖို့လာတဲ့သူဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဦးခေါင်းနဲ့ မေးရိုးတွေ ပျက်စီးပြီး မင်္ဂလာဒုံခုတင် ၁၀၀၀ ဆေးရုံမှာ သေဆုံးသွားတာဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် နောက်ထပ်လူ ၆ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Denko ဆိုင်က ထုတ်ပြန်ပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့ Denko ဆီဆိုင်ဟာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ ကပ်ရပ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ နှောင်းပိုင်းကစပြီး ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ တောင်ဖီလာ ရပ်ကွက်ထဲက အထက်တန်းကျောင်းခွဲ ( အ.လ.က ၁) မီးရှို့ခံရပြီး ကျောင်းဆောင် ၂ ဆောင် မီးလောင်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကျောင်းမှာ လျှပ်စစ်မီးသွယ်တန်းထားတာလည်း မရှိတဲ့အတွက် ရှို့မီးလို့ ယူဆရတဲ့အကြောင်း ကလေးမြို့ မီးသတ်တပ်ဖွဲ့ အရာရှိတစ်ယောက်က RFA ကို ပြောပါတယ်။

“အကြောင်းအရာက အဲဒီမှာ အစောင့်လည်းမရှိ၊ ဘယ်သူမှလည်း မရှိဘူး၊ မီးလည်းသွယ်ထားတာ မရှိဘူးဆိုတော့ တမင်လာပြီးတော့ မသမာသူတွေ လာရှို့တယ်လို့ သုံးသပ်ထားပါတယ်”

၁၅ မိနစ်ကြာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ကျောင်းဆောင်နှစ်ဆောင် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ အဲဒီ ကျောင်းအနီးနား ၂ ဖာလုံလောက် အကွာမှာ စစ်တပ်က တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရတဲ့ ကျောင်းရဲ့ အုတ်နံရံမှာ CMD ကျောင်းဖြစ်တဲ့အကြောင်း၊ CDM မဝင်တဲ့ ဆရာ၊ ဆရာမ နာမည် တွေကို ဆေးတွေနဲ့ရေးချယ်ထားတာကို စစ်ကောင်စီတပ်တွေက လာစုံစမ်းပြီး မီးရှို့ပစ်မယ့်အကြောင်း ပြောသွားတာတွေ ရှိခဲ့ဖူးတယ်လို့ လုံခြုံရေးအရ နာမည်မဖော်ချင်တဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“ရေးထားတာက ဒီကျောင်းက စီဒီအမ်ကျောင်းပါ။ စီဒီအမ်မလုပ်တဲ့ ဆရာ၊ ဆရာမတွေရဲ့ နာမည်တွေ သင်္ဘောဆေးတွေနဲ့ ရေးတာပေါ့။ အဲဒါကို ပြည်သူတွေက မဖျက်ဘဲနဲ့ တပ်တွေက ဖျက်တာပေါ့။ ကျောင်းရဲ့ ပတ်ဝန်းကျင်အိမ်တွေကို မေးရင်လည်း တစ်ယောက်မှ မသိဘူးလို့ပဲ အကုန်လုံးပြောတာ။ ဒီအတိုင်း ဘေးအိမ်တွေက မဖျက်ဘူးဆိုရင် အကုန်လုံး မီးရှို့ပစ်ရမှာလို့ ပြောတာ”

ကလေးမြို့က ကျောင်းမီးရှို့ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို မေးမြန်းနိုင်ဖို့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ပေမယ့် ဖုန်းဆက်သွယ်လို့ မရပါဘူး။

အလားတူ ဒီနေ့ ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်ထဲက ကုန်ဈေးတန်းလမ်း အလယ်ဘလောက်က အဆောက်အအုံမှာ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။

၁ နာရီခွဲ လောက်ကြာအောင် မီးလောင်ကျွမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကသတင်းထုတ်ပြန်ပါတယ်။ ပျက်စီးဆုံးရှုံးမှုနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ ထုတ်ပြန်တာ မရှိပါဘူး။

မနေ့ညကလည်း စစ်ကိုင်းတိုင်းအတွင်း ရွှေဘိုဈေးကြီး မီးလောင်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၉၀၀ ကျော်လောက် မီးလောင်ခံခဲ့ရပါတယ်။ ရွှေဘိုမြို့မဈေးမီးလောင်မှုနဲ့ ပတ်သက်ပြီး ဒေသခံတွေက စစ်တပ်ကို သံသယ ရှိနေကြောင်း RFA ကို ပြောဆိုပါတယ်။

ပဲခူးတိုင်း လက်ပံတန်းမြို့ Bago Weekly သတင်းထောက် ကိုငြိမ်းချမ်းဝေကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ( က ) တရားစွဲခံထားရပြီး သာယာဝတီအကျဉ်းထောင်မှာ အချုပ်ခံထားရပါတယ်။

ရဲတွေရဲ့ ဓာတ်ပုံမှတ်တမ်းမှာ ဆန္ဒပြပွဲတွေမှာ သတင်းလိုက်ယူခဲ့တဲ့ ကိုငြိမ်းချမ်းဝေ ပါတဲ့ပုံတွေရယ်၊ ကိုငြိမ်းချမ်းဝေရဲ့ ဓာတ်ပုံမှတ်တမ်းတွေကို သက်သေယူပြီး ဆန္ဒပြခေါင်းဆောင်အနေနဲ့ အမှုဖွင့်အရေး ယူခံရတာဖြစ်တယ်လို့ သူ့ဇနီးက ပြောပါတယ်။

“ခေါင်းဆောင်တာတော့ မရှိဖူးဘူး။ သတင်းယူရင်းနဲ့ ဆန္ဒပြတာတော့ ရှိဖူးတယ်။ အလုပ်ကတော့ ဆက်မလုပ်ဖြစ်ဘူးလို့တော့ ပြောလို့ရတယ်။ သတင်းကတော့ ယူနေတယ်။ သူတို့မှတ်တမ်းယူထားတဲ့ ပုံတွေကိုမှ သူသတင်းယူတုန်းက ရိုက်ထားတဲ့ မှတ်တမ်းပုံတွေ၊ လူမှုကွန်ရက်မှာ တင်ထားတဲ့ပုံတွေကို ပြန် Save ပြီးတော့ သူ့တို့ရှိတာနဲ့ ပေါင်းပြတာ”

Bago Weekly သတင်းဌာနကိုလည်း ပြီးခဲ့တဲ့ လပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေခဲ့ပြီး အပိတ်ခံထားရတဲ့အတွက် သတင်းတွေကို Bago Weekly page နဲ့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားနေတာဖြစ်ပါတယ်။

အလားတူ တာချီလိတ်သတင်းဂျာနယ်က ဓာတ်ပုံသတင်းထောက်ကို ကျော်ဇင်ဟိန်းကို မေလ ၁၃ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်လိုက်တယ်လို့ တာချီလိတ်သတင်းဌာနက ပြောပါတယ်။

တာချီလိတ်သတင်းဌာနကို ဧပြီလကုန်ပိုင်းမှာ စစ်ကောင်စီက ပိတ်သိမ်းခဲ့ပြီး သူတို့ သတင်းထောက် တွေကိုလည်း လိုက်ဖမ်းနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တာချီလိတ် News Agency ကသတင်းထောက် ငါးဦး ဖမ်းဆီးခံရထားပြီး ပုဒ်မအသီးသီးတပ် တရားစွဲခံထားရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ စစ်ကောင်စီဟာ သတင်းတိုက်တွေကို ပိတ်သိမ်းတာ သတင်းဌာနတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်ရှိနေပါတယ်။ ဒီနေ့ထိ သတင်းသမား ၈၀ လောက် ဖမ်းခံထားရတာပါ။ အဲဒီထဲက အယောက် ၃၀ လောက်ကို ပြန်လွှတ်ပေးပြီး ကျန်တဲ့အယောက် ၅၀ လောက်ကတော့ အကျဉ်းထောင်အသီးသီးမှာ ပုဒ်မတွေတပ် တရားစွဲခံနေရပါတယ်။

ရန်ကုန် အပါအဝင် ဒေသတော်တော်များများမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပျောက်ကြားစနစ်နဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အခုအချိန်ထိရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။