နယ်စပ် ကုန်သွယ်ရေးစခန်းတွေ တိုးချဲ့ဖွင့်လှစ်မယ်လို့ စစ်အစိုးရ ကြေညာ
ထိုင်း၊ တရုတ်နဲ့ အိန္ဒိယ သုံးနိုင်ငံနယ်စပ်မှာ နယ်စပ် ကုန်သွယ်ရေးစခန်း ၇ ခု ထပ်မံ တိုးချဲ့ ဖွင့်လှစ်သွားမယ်လို့ မြန်မာစစ်အစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရားဝင် ကြေညာလိုက်ပါတယ်။
-
2010-12-19 -
-
-
တိုးချဲ့ဖွင့်လှစ်မယ့် နယ်စပ် ကုန်သွယ်စခန်းတွေကတော့ ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် မြိတ်၊ မောတောင်၊ ဘုရားသုံးဆူ၊ ထားဝယ်၊ နတ်အိမ်တောင်၊ အိန္ဒိယနိုင်ငံအတွက် ပလက်ဝ၊ တရုတ်နိုင်ငံအတွက် ပန်ဝါ စခန်းတွေ ဖြစ်တယ်လို့ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနက ဆိုပါတယ်။
အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှု တိုးချဲ့ဖို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ဟာ ဒီဇင်ဘာ ပထမပတ်က တမူးနယ်စပ်ကို သွားရောက်ခဲ့တယ်လို့ စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံနဲ့အဓိက ကုန်သွယ်ရာ မြဝတီနယ်စပ် ကုန်သွယ်စခန်းကိုတော့ မြန်မာစစ်အစိုးရက ပိတ်ထားဆဲပါ။ မြန်မာစစ်အစိုးရဟာ ဒီကိစ္စနဲ့ ပတ်သတ်ရင် အကဲဆတ်လွန်းတာမို့ ထိုင်းနိုင်ငံဘက်ကလည်း မြဝတီနယ်စပ် ပြန်ဖွင့်ဖို့ မညှိနှိုင်းဘူးလို့ ထိုင်း စီးပွားရေးသံမှူး Mr. Parjub Supinee က ပြီးခဲ့တဲ့ ကြသပတေးနေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ ထိုင်းကုန်စည်ပြပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။