အရပ်သား အအောက်အအုံ ခုနစ်သောင်းခွဲခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း UNOCHA ထုတ်ပြန်

စစ်တပ်အာဏာသိမ်ပြီးနောက်ပိုင်း နေအိမ်အဆောက်အအုံ ခုနစ်သောင်းခွဲခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ UNOCHA က စက်တင်ဘာ ၈ ရက် သတင်းထုတ်ပြန်ပါတယ်။

မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာတစ်ရွာမှ နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်ပြီးနောက်ပိုင်း အရပ်သားတွေပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အအုံ ခုနစ်သောင်းခွဲခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က စက်တင်ဘာ ၈ ရက် သတင်းထုတ်ပြန်ပါတယ်။

ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ သဘာ၀ဘေးအန္တရာယ်တွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှု၊ အရပ်သားထိခိုက်သေဆုံးမှုနဲ့ အရပ်သားပြည်သူပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီးမှုတွေရှိနေပြီး ဆိုးရွားနေတဲ့ လူသားချင်းစာနာဆိုင်ရာအခြေအနေတွေကို ပိုဆိုးလာစေတယ်လို့ UNOCHA ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မိုခါဆိုင်ကလုန်း မုန်တိုင်းသင့်ပြည်သူတွေအတွက် ထောက်ပံပစ္စည်းတချို့ ပေးဝေနိုင်ခဲ့ပေမယ့် မုန်တိုင်းသင့်သူတွေအားလုံးအတွက် လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်မြင့်မားနေဆဲလို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာတော့ လူသားချင်းစာနာမှု အကူအညီပေးရေးကို ကန့်သတ်ထိန်းချုပ်မှုတွေ သိသိသာသာ မြင့်တက်လာတယ်လို့ UNOCHA က ပြောပါတယ်။

လူသားချင်းစာနာမှုအကူအညီပေးရေးအပေါ် ကန့်သတ်ထိန်းချုပ်မှုတွေ ဖြေလျှော့ပေးဖို့နဲ့ ဘဏ္ဍာရေးအရ ထောက်ပံ့ကူညီမှုတွေ မဖြစ်မနေလိုအပ်နေတယ်လို့လည်း UNOCHA အသိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၆ သန်းကျော်အထိ ရှိလာနေပြီး အာဏာမသိမ်းခင်ကရှိနေတဲ့ အရေအတွက်နဲ့ပေါင်းရင် နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်အထိ ရှိနေတယ်လို့ UNOCHA က ပြောပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့ကလည်း အာဏာသိမ်း နှစ်နှစ်ခွဲအတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက အရပ်သားတွေရဲ့ နေအိမ် ခုနစ်သောင်းခွဲနီးပါး (၇၄,၈၇၄ လုံး) မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဩဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org