မတ္တရာနဲ့ သပိတ်ကျင်းက နေအိမ်ရာချီ မီးရှို့ဖျက်ဆီးခံရ
2024.12.27

မန္တလေးတိုင်း၊ မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ရွာပေါင်း ရွာ ကိုးရွာကို ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်က အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်ရာချီ ပျက်စီးသွားတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြန်ပြီး လက်လွှတ်ခဲ့ရတဲ့ မတ္တရာမြို့ အနောက်ခြမ်းက ထိန်ပင်စောက်၊ သူဌေးကုန်း၊ စိန်ပန်းကုန်း၊ မြွေပုသိမ်၊ မြွေသစ်တောရုံး၊ မြွေကူးတို့ဆိပ်၊ မြွေဆင်ကုန်းနဲ့ မြွေဥဒိန် စတဲ့ရွာတွေနဲ့ သပိတ်ကျင်းမြို့နယ်က တွင်းငယ်ရွာ စုစုပေါင်း ရွာကိုးရွာကို စစ်ကောင်စီတပ်က အကြိမ်ကြိမ် မီးရှို့နေတာလို့ ဆိုပါတယ်။
မတ္တရာမြို့ အနောက်ခြမ်းက ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရွာတွေကို အလုံးအရင်းနဲ့ စစ်ကြောင်းထိုး လာပြီးနောက် ရွာတွေကို မကြာခဏ မီးရှို့နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတ္တရာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မတ္တရာ အနောက်ခြမ်းက ရွာတွေကို တောက်လျှောက် မီးရှို့နေတာ တစ်ရွာလုံး မကုန်မချင်းကို ရှို့နေတဲ့ သဘော။ ဟိုဘက်ရွာဝင်လိုက် ဒီဘက်ရွာဝင်လိုက်နဲ့ စစ်ကြောင်းပတ်သွားရင်း မီးရှို့နေတာ။ ရွာနားတော့ ကပ်မရဘူး ဘယ်သူမှလည်း ပြန်လို့မရသေးဘူး။ ရွာတွေမှာက စစ်ကြောင်းက တောက်လျှောက် ရှိနေတာ ဆိုတော့လေ"
မတ္တရာ မြို့အနောက်ခြမ်းက ရွာတွေ မကြာခဏ မီးရှို့ခံနေရပေမဲ့ ရွာတွေထဲ ပြန်ဝင်လို့မရသေးတာကြောင့် မီးလောင်ပျက်စီးသွားတဲ့ နေအိမ်အရေအတွက်ကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာမှာလည်း နေအိမ်ရာချီ မီးရှို့ဖျက်ဆီးခံရတယ်လို့ Data For Myanmar က ဖော်ပြထားပေမဲ့ အရေအတွက် အတိအကျကို ထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ခရီးစဉ်ကနေ ပြန်ရောက်လာတဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နောက်ပိုင်းကစပြီး မန္တလေးတိုင်းအတွင်းက ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေလို့ နယ်မြေတချို့ကို ကာကွယ်ရေးတပ်တွေ ပြန်ပြီး လက်လွှတ်ခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် မေလအထိ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့အိမ်ပေါင်း တစ်သိန်းငါးထောင်ကျော် (၁၀၅,၃၁၄ လုံး) ရှိသွားပြီလို့ Data for Myanmar က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။