ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းခွင့် ဘူးသီးတောင်မှာ စာရွက်ကပ်တောင်းဆို

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ရခိုင် အမျိုးသားပါတီက ဦးဆောင်ဖွဲ့စည်းခွင့် ရရှိရေး တောင်းဆိုတဲ့စာရွက်တွေကို ဘူးသီးတောင်မြို့မှာ ကပ်ထားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က ဈေးဆိုင်တစ်ဆိုင်မှာ ANP မှ ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့စည်းခွင့်ပြုပါ ဆိုတဲ့ စာသားကပ်ထားတာကို မတ်လ ၂၅ ရက်နေ့က တွေ့ရစဉ် Photo: Khine Zaw Facebook

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ရခိုင်အမျိုးသားပါတီက ဦးဆောင်ဖွဲ့စည်းခွင့်ရရှိရေး တောင်းဆိုတဲ့စာရွက်တွေကို ဘူးသီးတောင်မြို့မှာ ကပ်ထားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မတ်လ ၂၃ရက်နေ့က စစ်တွေမြို့မှာ အလားတူ ဆန္ဒပြတောင်းဆိုမှုဖြစ်ပြီး ဒီကနေ့ ဘူးသီးတောင်မှာ စာရွက်တွေကပ်ပြီး တောင်းဆိုတာလို့အမည်မဖော်လိုသူ ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ ဘူးသီးတောင်မှာ ANP မှ ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့်ပြုပါဆိုတဲ့ စာသားလေးနဲ့ ပိုစတာကမ်ပိန်း လုပ်လိုက်ပါတယ်၊ ကျနော်တို့ ဓါတ်တိုင်တို့ အိမ်တို့ ဈေးဆိုင်တို့မှာ ကပ်တယ်လေ၊ ကျနော် တို့ပြည်သူတွေက ANP ပါတီကိုပဲ မဲထည့်ကြတယ်လေ၊ ဒီမိုကရေစီ ဖက်ဒရယ်လို့ ပြောတဲ့လူတွေက အဲ့အခင်းအကျင်းအတိုင်း သွားချင်တယ်ဆိုရင် ရခိုင်ပြည် အနိုင်ရပါတီကိုပဲ အစိုးရဖွဲ့ရမှာက ဒီမိုကရေစီ နည်းလမ်းကျတယ်လို့ ထင်ပါတယ်"

ဘူးသီးတောင်မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ မြို့ပေါ်အရပ်ဘက် လူမှုအဖွဲ့အစည်းဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီလို စာရွက်တွေကပ်ပြီး တောင်းဆိုမှုတွေ ဖြစ်လာတာလို့လည်း ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ကလည်း ပြည်နယ်ဝန်ကြီးချုပ်နေရာနဲ့ ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်ရရှိ ဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org