ကားလွတ်လပ်စွာ တင်သွင်းခွင့် ပြုကြောင်း စီးပွား/ကူးသန်းဝန်ကြီး ပြောဆို

နိုင်ငံခြားငွေ သုံးစွဲနိုင်မယ့် ဘဏ်စာရင်းတစ်ခုဖွင့်ပြီး ၂၀၀၇ ခုနှစ် အထက် မော်ဒယ်လ်ကားတွေကို လွတ်လပ်စွာ တင်သွင်းခွင့် ပြုကြောင်း စီးပွား/ကူးသန်းဝန်ကြီး ဦးဝင်းမြင့်က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံ Mitsubishi Motors ကုမ္ပဏီထုတ် Mitsubishi Pajero အမျိုးအစားကား။ Wikipedia

နိုင်ငံခြား ငွေသွင်းငွေထုတ် MFTB / MICB ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်းတစ်ခု ဖွင့်နိုင်မယ်ဆိုရင် မိမိနှစ်သက်တဲ့ ၂၀၀၇ ခုနှစ်နဲ့ နောက်ပိုင်းထုတ်ကားတွေကို နိုင်ငံခြားက မှာယူတင်သွင်းခွင့် ရမှာဖြစ်ကြောင်း ဝန်ကြီးက သတင်းထောက်တွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

အရင်လို လူတစ်စုကသာ ကားတင်သွင်းခွင့် ရတာမျိုးမဟုတ်ဘဲ မိမိလက်ထဲမှာငွေရှိရင် ကားတင်သွင်းခွင့် ရလာတာဟာ ရေရှည်မှာကောင်းပေမယ့် ဒီသတင်းကြောင့် စနေ၊ တနင်္ဂနွေနေ့တုန်းက ကားဈေးတွေ ပြုတ်ကျပြီး အရောင်းအဝယ်တွေ ရပ်ခဲ့ကြောင်း ကုန်သည်တစ်ဦးက အခုလို ပြောပါတယ်။

" ၂၀၀၇ ခုနှစ် အထက်ကို အင်ဂျင်ပါဝါ မရွေးဘဲနဲ့ တင်သွင်းခွင့်ပြုလိုက်ပြီ။ တင်သွင်းချင်တဲ့သူက ဘဏ်စာအုပ်မှာ ငွေသွင်းပေါ့နော်။ နိုင်ငံခြားငွေပေါ့ခင်ဗျ။ MFTB တို့ MICB တို့ပေါ့။ သွင်းပြီးတဲ့ အခါကျရင် အဲဒီငွေနဲ့ သွင်းလို့ရတယ်လို့ ပြောပါတယ်။ ဘာကွာသလဲဆိုတော့ အဲဒီမှာ လက်ရှိ ဒီစီမံချက်နဲ့ အပ်ထားတဲ့ "န" နဲ့ "ပ" နှစ်မျိုးရှိတယ်လေ။ ပထမရောင်းနေတာက ၁၄၄ သိန်းလောက်နဲ့ရောင်းနေတဲ့ ကားတွေက အဲဒီအသံ ကြားကြားချင်းမှာ တနင်္ဂနွေနေ့ကပေါ့၊ မနေ့က ဝယ်မည့်သူမရှိတော့ဘူး။ ဘယ်လောက်ဖြစ်ကုန်သလဲဆိုတော့ ၁၁၀ တွေ ၁၁၅ တွေ ဖြစ်ကုန်တယ်။ ကောင်းတာကတော့ ဘာပဲပြောပြော အားလုံးက စီးလို့တော့ ရသွားတာပေါ့။ ဒါပေမဲ့ လက်ရှိ မော်တော်ကား ဈေးကွက်ကြီးကတော့ မဝယ်ရဲတော့ဘူးပေါ့။ ကားဈေးကွက်ကြီးက လောလောဆယ်မှာ ရပ်တန့်သွားတာပေါ့နော်"

ဘဏ်စာရင်းမှာ ကားဝယ်ယူ တင်သွင်းနိုင်လောက်တဲ့ ပမာဏရှိမယ်ဆိုရင် အခုမေလ (၉) ရက်နေ့ကစပြီး ကားတင်သွင်းခွင့်အတွက် စတင်လုပ်ဆောင်နိုင်တယ်လို့ စီးပွား/ကူးသန်းဝန်ကြီးဌာနက ပြောပါတယ်။

နယ်မြို့တွေမှာတော့ ဘယ်လိုကားအမျိုးအစား တင်သွင်းခွင့် ရနိုင်မလဲဆိုတာကို သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း အာဏာပိုင်တွေက သီးသန့် ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org