မန္တလေးက ပုဂ္ဂလိကဆေးရုံသုံးခု လိုင်စင်ရုပ်သိမ်းခံရ
2023.05.18
CDM ကျန်းမာရေးဝန်ထမ်းတွေကို လက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယာယီအပိတ်ခံထားရတဲ့ မန္တလေးမြို့က နန်းတော်၊ မြို့တော်၊ ကံ့ကော် စတဲ့ ပုဂ္ဂလိကဆေးရုံ သုံးရုံကို လုပ်ငန်း လိုင်စင် အပြီးရုပ်သိမ်းလိုက်ကြောင်း စစ်ကောင်စီက မေလ ၁၅ ရက်နေ့က ထုတ်ပြန် ပါတယ်။
ဒီပုဂ္ဂိလကဆေးရုံတွေဟာ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) မှာပါတဲ့ လိုင်စင်စည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်တဲ့အတွက် လုပ်ငန်းလိုင်စင် ပယ်ဖျက် လိုက်တာလို့ စစ်ကောင်စီရဲ့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေးမှူး ဒေါက်တာမြတ်ဝဏ္ဏစိုး လက်မှတ်ထိုးထုတ်ပြန်တဲ့ အဲဒီအမိန့်စာမှာ ဖော်ပြထားပါတယ်။
အခုလိုင်စင်ရုပ်သိမ်းခံရတဲ့ ဆေးရုံးသုံးရုံထဲက နန်းတော်ပုဂ္ဂလိကဆေးရုံမှာ လုပ်ကိုင်ခဲ့တဲ့ CDM အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဝင်းခိုင် ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ဆေးရုံမှာ အလုပ်လုပ်နေစဉ် ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
ဆီးနဲ့ ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဝင်းခိုင် ဟာ မန္တလေးဆေးတက္ကသိုလ်မှာ တာဝန်ထမ်းနေတဲ့ ပါမောက္ခတစ်ဦးဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်ထားသူ ဖြစ်ပါတယ်။
ဒေါက်တာ ဝင်းခိုင် အဖမ်းခံရပြီး ရက်အနည်းငယ်အတွင်းမှာပဲ မန္တလေးက အခြား CDM ဆရာဝန်တချို့လည်း ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။
ဒေါက်တာ ဝင်းခိုင်နဲ့ ဆရာဝန်တချို့ ဖမ်းဆီးခံရပြီး တစ်ပတ်အကြာ ၂၀၂၃ ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ အခု လိုင်စင်ရုပ်သိမ်းခံရတဲ့ ဆေးရုံသုံးခုအပါအဝင် မန္တလေးက ပုဂ္ဂလိက ဆေးရုံ ငါးခုကို စစ်ကောင်စီက လူနာတွေကို လုံးဝ မကုသရဆိုပြီး ယာယီပိတ်ခိုင်းထား တာပါ။
အခု လေးလေကျော်အကြာမှာ ဒေါက်တာ ဝင်းခိုင် အလုပ်လုပ်ခဲ့တဲ့ နန်းတော်ဆေးရုံ အပါအဝင် အခြားဆေးရုံနှစ်ခုကိုပါ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် အပြီးရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် CDM မှာ အစောဆုံး ပါဝင်ခဲ့တဲ့ နိုင်ငံတစ်ဝန်းက ဆရာဝန် ၅၅၇ ဦးကိုလည်း စစ်ကောင်စီက အလုပ်ဖြုတ်ခဲ့တဲ့အပြင် ဆေးကုသခွင့်လိုင်စင် (ဆမ) လက်မှတ် တစ်နှစ်တိတိ ရုပ်သိမ်း ထားပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း ကျန်းမာရေးဝန်ထမ်း ၇၁ ဦး သတ်ဖြတ်ခံရပြီး ၈၃၆ ဦး ဖမ်းဆီးခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း ဆေးရုံ၊ ဆေးခန်းတွေကို သိမ်းယူမှုနဲ့ တိုက်ခိုက်ဖျက်ဆီးမှု ပေါင်း ၁၈၈ ကြိမ်လုပ်ခဲ့ပြီး လူနာတင်ယာဉ် ၅၉ စီး ထိခိုက်ပျက်စီးခဲ့ တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ အဓမ္မသိမ်းယူခံရတဲ့ လူနာတင်ယာဉ်က ၄၉ စီးရှိတယ်လို့လည်း (NUG) ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။