ရိုဟင်ဂျာအကြမ်းဖက်ခံရမှု သက်သေထွက်ဖို့ ကမ်းလှမ်းလျှင် ကူညီမည်ဟု CDM ဗိုလ်ကြီးပြော
၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်ကအကြမ်းဖက်မှုတွေကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး သက်သေအဖြစ်ထွက်ဆိုဖို့ ကမ်းလှမ်းလာမယ်ဆိုရင် အမှန်တရားအတွက် ပူးပေါင်းမယ်လို့ အဲဒီအချိန်က ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဗိုလ်ကြီးနေမျိုးသက် က RFA ကို ဧပြီလ ၃ ရက် မနေ့က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့လုပ်ရပ်နဲ့၊ လက်ရှိနွေဦးတော်လှန်ရေးမှာ စစ်တပ်က နှိမ်နင်းနေတဲ့လုပ်ရပ်အတူတူပဲလို့ သူကပြောပါတယ်။
“အတူတူလောက်တောင်မှ သွားပြီးတော့ ကျနိုင်မယ်လို့ ကျနော်ကတော့ ပြောလို့ရတာပေါ့နော်။ ရိုဟင်ဂျာတုန်းက သူတို့က လက်ရဲဇက်ရဲဖြစ်တာက ဘာသာလည်း မတူလူမျိုးလည်း မတူဖြစ်တာ ဖြစ်တဲ့အတွက် ပိုပြီးတော့မှ လက်ရဲဇက်ရဲလုပ်ခဲ့ကြတာကိုး။ အဲဒီတုန်းကတော့ အခုကျတော့ ဘာသာစကားလည်း တူတယ်လူမျိုးလည်းတူတယ်။ ကိုးကွယ်တာချင်းလည်း တူတယ်။ ဒါပေမဲ့လည်း ထိုနည်းမခြားလို့ ပြောလို့ရတယ်”
ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်သားဟာ အပြစ်ရှိသလို မခံစားရတဲ့အပြင် အံ့ဩစရာ ကောင်းလောက်အောင် ကျေနပ်နေကြတယ်လို့ သူကပြောပါတယ်။
စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ရိုဟင်ဂျာတွေ အမြောက်အမြား သေဆုံးခဲ့ရသလို တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ခုနစ်သိန်းနီးပါး ထွက်ပြေးသွားကြတာတွေဟာ Genocide လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတာ ပေါ်လွင်နေပြီး စစ်ကောင်စီက ငြင်းဆိုနေတာကို ပြောစရ စကား မရှိတော့ဘူးလို့ ဆိုပါတယ်။
CDM ဗိုလ်ကြီးနေမျိုးသက်ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အခြေစိုက် အမှတ် ၂၃၃ ခြေလျင်တပ်ရင်းမှာ တပ်ခွဲမှူး အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ သူဟာ ရခိုင်ပြည်နယ်မှာ ၇ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ - ၂၀၁၇ စစ်တပ်က ရိုဟင်ဂျာတွေကို ဖမ်းဆီး သတ်ဖြတ်ချိန်က စားနပ်ရိက္ခာ၊ စစ်လက်နက်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေ ပံ့ပိုးပေးတဲ့နေရာမှာ ထောက်ပို့အရာရှိတစ်ဦးအနေနဲ့ ပါဝင်ခဲ့ရတယ်လို့ ပြောပါတယ်။
သူ့ရဲ့စစ်တပ်လုပ်သက် ၁၃ နှစ်ရှိပြီး ဗိုလ်လောင်းသင်တန်းတက်တဲ့အချိန်ပါ ပေါင်းရင် ၁၆ နှစ်ရှိတယ်လို့ ပြောပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့မှာ စစ်တပ်ထဲကထွက်ခဲ့ပြီး၊ ဒီဇင်ဘာ ၁၄ ရက်နေ့ရောက်မှ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ခဲ့တာလို့ ပြောပါတယ်။