နိုင်ငံခြားငွေကို တစ်ရက်အတွင်း မြန်မာငွေနဲ့ လဲလှယ်ဖို့ ဗဟိုဘဏ်အမိန့်ထုတ်

2022.04.04
နိုင်ငံခြားငွေကို တစ်ရက်အတွင်း မြန်မာငွေနဲ့ လဲလှယ်ဖို့ ဗဟိုဘဏ်အမိန့်ထုတ် အမေရိကန် ဒေါ်လာငွေအား တွေ့ရစဉ်
Photo: AFP

ပြည်တွင်းမှာ နိုင်ငံခြားငွေနဲ့ ရတဲ့ဝင်ငွေတွေကို တစ်ရက်အတွင်း လိုင်စင်ရဘဏ်တွေမှာ ပြန်ရောင်းဖို့ စစ်ကောင်စီ ဗဟိုဘဏ်က ဒီနေ့ကစပြီး သတ်မှတ်လိုက်ပါတယ်။

ဒါဟာ စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေရရှိမှု နည်းပါးနေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်တွင်း စီးပွားရေးပညာရှင် တစ်ဦးက ဝေဖန်ပါတယ်။

"အခုက ရှင်းရှင်းပြောရင် ဒေါ်လာပြတ်လို့လုပ်တဲ့ လက္ခဏာပဲ၊ ဒေါ်လာလိုချင်လို့ လုပ်လိုက်တာပဲ။ အစိုးရလက်ထဲ ဒေါ်လာနည်းနေတယ်ဆိုတာ ဖော်ပြလိုက်တာပဲ။ ဘာဖြစ်မလဲဆိုတော့ ဒေါ်လာ ပိုရှားသွားမယ်။ ဒေါ်လာ ရောင်း၊ ဝယ် ကိစ္စတွေက မှောင်ခိုသဘောမျိုး ဖြစ်သွားမယ်။ မြန်မာကျပ် ပိုပြီး တန်ဖိုးကျမယ့်သဘော ဖြစ်သွားတာပေါ့"

ဒီလို ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေနဲ့ရတဲ့ ဝင်ငွေတွေကို တစ်ရက်အတွင်း အတင်းပြန် ရောင်းခိုင်းတာကြောင့် နိုင်ငံခြားကတင်သွင်းတဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေ တက်လာနိုင် သလို မြန်မာငွေတန်ဖိုးလည်း အခုထက် ပိုကျသွားနိုင်တဲ့ အနေအထားဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

ဗဟိုဘဏ်ကတော့ ဒီလိုပြန်ရောင်းလာမယ့် အမေရိကန်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်နဲ့ လဲလှယ်ပေးမယ်လို့ ဈေးသတ်မှတ်ထားပြီး အပြောင်းအလဲရှိရင် ထပ်ပြီးညွှန် ကြားသွားမယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဒီနေ့မှာ တစ်ဒေါ်လာ ၁၇၈၀ ကျပ် သတ်မှတ်ထားပေမဲ့လည်း ဒီဈေးနှုန်း တွေက ပြင်ပပေါက်ဈေးနဲ့ ကွာဟနေတယ်လို့ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းတစ်ခုက ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။

"ဗဟိုဘဏ်ဈေးနဲ့ကတော့ ဝယ်၊ ရောင်း မရှိပါဘူး။ လက်ရှိပေါက်ဈေး နှစ်ထောင်ကျော် ရှိပါတယ်ရှင့်"

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေကို ပြည်ပကို လွှဲဖို့ဆိုရင်လည်း နိုင်ငံခြား သုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရထားတဲ့ ဘဏ်တွေကတစ်ဆင့် လုပ်ဆောင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။