မြန်မာက Chevron ရေနံကုမ္ပဏီပိုင်ဆိုင်မှုတွေ မလွှဲပြောင်းနိုင်သေး
အမေရိကန်စွမ်းအင်ကုမ္ပဏီ ရှက်ဗရွန် (Chevron) ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာမယ့်အကြောင်း ကြေညာထားတာ နှစ်နှစ်နီးပါး ကြာလာပေမဲ့ အမှန်တကယ် ထွက်ခွာနိုင်ခြင်းမရှိသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
-
RFA Burmese
2023-11-03 -
-
-
အမေရိကန်စွမ်းအင်ကုမ္ပဏီ ရှက်ဗရွန် (Chevron) ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချပြီး မြန်မာနိုင်ငံကနေ ထွက်ခွာမယ့်အကြောင်း ကြေညာထားတာ နှစ်နှစ်နီးပါး ကြာလာပေမဲ့ အမှန်တကယ် ထွက်ခွာနိုင်ခြင်းမရှိသေးဘူးလို့ နိုဝင်ဘာလ ၂ ရက်နေ့က ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ရှက်ဗရွန်ကုမ္ပဏီဟာ မြန်မာနိုင်ငံက ထွက်ခွာတော့မှာ ဖြစ်တဲ့အကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ကြေညာခဲ့တဲ့နောက် ရတနာသဘာဝဓာတ်ငွေ့ တူးဖော်မှု စီမံကိန်းရဲ့ ၄၁ ရာခိုင်နှုန်းအပါအဝင် မြန်မာနိုင်ငံက ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုအားလုံးကို ကနေဒါကုမ္ပဏီ MTI Energy ကို ရောင်းချမှာ ဖြစ်တဲ့အကြောင်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ကြေညာထားတာ ဖြစ်ပါတယ်။
ရှက်ဗရွန်ကုမ္ပဏီဟာ မြန်မာနိုင်ငံက ထွက်ခွာရာမှာ အစီအစဉ်တကျနဲ့ ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ဆောင်ရွက်နိုင်အောင် လုပ်နေပါတယ်လို့ ပြီးခဲ့တဲ့ အပတ်က ရှက်ဗရွန်ကုမ္ပဏီ ပြောခွင့်ရသူတစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောခဲ့တဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၃၁ရက် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုအသစ်မှာ မြန်မာစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အတွက် ဘဏ္ဍာရေး ဝန်ဆောင်မှုအားလုံး လာမယ့် ဒီဇင်ဘာလ ၁၅ ရက်ကစပြီး တားမြစ်မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံက ရှက်ဗရွန်ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို ကနေဒါ MTI ကုမ္ပဏီကို လွှဲပြောင်းရောင်းချမှု အပြီးသတ်ရာမှာ အခက်အခဲရှိနေတာ ဟုတ် မဟုတ် ရိုက်တာ သတင်းဌာနက မေးမြန်းရာမှာတော့ အဲဒီ တာဝန်ရှိသူက တိတိကျကျ ဖြေကြားခြင်းမရှိဘဲ မြန်မာနိုင်ငံက ရှက်ဗရွန်ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုအားလုံးကို ရောင်းချဖို့ သဘောတူ လက်မှတ်ထိုးထားပြီး ဖြစ်တယ်လို့ပဲ ဖြေဆိုခဲ့ပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု အသစ်ဟာ ရှက်ဗရွန်ကုမ္ပဏီရဲ့ လွှဲပြောင်းမှုတွေမှာ သက်ရောက်မှု ရှိမရှိ တိတိကျကျ မသိရသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းမှာ ရှက်ဗရွန်ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ၂၈ ရာခိုင်နှုန်းရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာ ပြင်သစ်ရေနံလုပ်ငန်း Total Energies ထွက်ခွာသွားတဲ့နောက် ပိုင်ဆိုင်မှု ၄၁.၁ ရာခိုင်နှုန်းအထိ တိုးလာတာ ဖြစ်ပါတယ်။ ရတနာစီမံကိန်းရဲ့ ကျန်တဲ့ အစုရှယ်ယာတွေကိုတော့ ထိုင်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PTTEP နဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ MOGE တို့က ပိုင်ဆိုင်တာပါ။
မြန်မာနိုင်ငံ မုတ္တမကမ်းလွန်ပင်လယ်ပြင်ထဲက ရတနာ သဘာဝဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းကနေ နှစ်စဉ် သဘာဝဓာတ်ငွေ့ ကုဗပေ ခြောက်ဘီလီယံလောက် ထွက်ရှိတဲ့အထဲက ၃၀ ရာခိုင်နှုန်းကို မြန်မာပြည်တွင်းမှာ အသုံးပြုပြီး ၇၀ ရာခိုင်နှုန်းကိုတော့ ထိုင်းနိုင်ငံကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။