မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ဆွစ်ဇာလန် ဒဏ်ခတ်ပိတ်ဆို့

RFA Burmese
2025.03.11
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ဆွစ်ဇာလန် ဒဏ်ခတ်ပိတ်ဆို့ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်သည့် ဇောတိကစီမံကိန်းကို တွေ့ရစဉ်။
PTTEP

စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းမှာ ထည့်သွင်းကြောင်း မတ်လ ၁၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

MOGE ဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး အဲဒီကနေရတဲ့ဝင်ငွေတွေဟာ မြန်မာပြည်တွင်း ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ လုပ်ရပ်တွေမှာ ထောက်ပံ့ပေးနေတာကြောင့် ပိတ်ပင်တာလို့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ကိုင်နေသူတွေကို ဖော်ထုတ်နေတဲ့ Justice For Myanmar က ဆွစ်ဇာလန်အစိုးရရဲ့ ဆောင်ရွက်ချက်ကို ကြိုဆိုလိုက်ပြီး ကနေဒါ၊ ယူကေနဲ့ ဩစတြေးလျနိုင်ငံတွေအနေနဲ့လည်း ဆွစ်ဇာလန်နိုင်ငံနည်းတူ MOGE ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ တိုက်တွန်းလိုက်ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဆွစ်ဇာလန်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ စစ်အုပ်စုက ဓာတ်ငွေ့ဝင်ငွေတွေကို နိုင်ငံတကာ ရာဇဝတ်မှုတွေမြောက်တဲ့ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့ စစ်လက်နက်တွေနဲ့ လေယာဉ်ဆီတွေ ဝယ်ယူရာမှာ အသုံးပြုနေပါတယ်။ ကနေဒါ၊ ယူကေနဲ့ ဩစတြေးလျနိုင်ငံတို့ကလည်း ဆွစ်ဇာလန်ရဲ့လမ်းကြောင်းအတိုင်း လိုက်ပါပြီး၊ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အလျင်အမြန် လုပ်ဆောင်ဖို့ တောင်းဆိုပါတယ်” လို့ပြောပါတယ်။

ဆွစ်ဇာလန်အစိုးရက MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့တာဟာ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေမှာ ဘဏ္ဍာငွေဖြည့်ဖို့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍကနေ ရနေတဲ့ ငွေဝင်ပေါက်ကို ပိတ်ပင်ရာရောက်ပြီး အရေးပါတဲ့လုပ်ရပ်လို့ JFM က ထောက်ပြပါတယ်။

စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်တွေအရ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်မှာ မြန်မာ့သဘာဝဓာတ်ငွေ့တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် ရရှိခဲ့ပါတယ်။
စစ်ကောင်စီအတွက် တစ်နှစ်ကို ဝင်ငွေသန်းနဲ့ချီရနေတဲ့ MOGE လုပ်ငန်းကို ၂ဝ၂၂ ခုနှစ်အစောပိုင်းမှာ ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ သုံးနိုင်ငံပေါင်းကတော့ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလကုန်မှာ အရေးယူဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။

MOGE ကို အခုလိုဒဏ်ခတ်ပိတ်ဆို့လိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။