ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်စဖို့ ကူညီမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ပြော

ပြည်တွင်းနိုင်ငံရေး ပြန်လည်သင့်မြတ်ဖို့နဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည်စတင်ဖို့ အတွက် တရုတ်နိုင်ငံက ကူညီဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံစဉ်မှာ ပြောလိုက်ပါတယ်။
စစ်ကောင်စီခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိတို့ အန်ဟွေး ပြည်နယ်၊ ဟွမ်းရှမ်မြို့မှာ တွေ့ဆုံဆွေးနွေးချက်တွေကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ အိမ်နီးချင်း သံတမန်ဆက်ဆံရေးမှာ မြန်မာနိုင်ငံကို အရေးပါတဲ့နေရာမှာ သတ်မှတ်ထားတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဧပြီ ၂ရက် ဒီနေ့ ထုတ်ပြန်ချက်မှာတော့ ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂနဲ့ အာဆီယံ မျက်နှာစာတွေမှာ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အာဆီယံ သဘောတူညီချက် ငါးချက်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပြည်တွင်းရေး ဝင်ရောက်မစွက် ဖက်ရေးမူ၊ အာဆီယံပဋိညာဉ်နဲ့ အခြေခံမူတွေကိုလည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဆွေးနွေးပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီတွေ့ဆုံမှုဟာ စစ်ကောင်စီကို အာဆီယံ လမ်းကြောင်းအတိုင်းသွားဖို့ တရုတ်က နားချတဲ့ သဘောဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။
" ရှိပြီးသား အာဆီယံရဲ့ ကိုယ်စားလှယ် ကြိုးစားနေတာကို ပူးပေါင်းဆောင်ရွက်ဖို့ (တရုတ်) က နားချတဲ့ သဘောပဲ။ အဲဒီလမ်းကြောင်းအတိုင်းသာ အကောင်အထည်မဖော်ရင် နစက ပြောနေတဲ့ လာမယ့် ၂၀၂၃ ဩဂုတ်မှာ ရွေးကောက်ပွဲလုပ်ပြီး ရွေးကောက်ခံအစိုးရကို အာဏာပြန်အပ်မယ်ဆိုတဲ့ လမ်းကြောင်းက ပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခကို အေးငြိမ်းသွားလိမ့်မယ်လို့၊ ပြေလည်သွားလိမ့်မယ်လို့ တရုတ်ကလည်း မထင်ဘူး "
မြန်မာပြည်တွင်း ပဋိပက္ခတွေမပြေလည်နိုင်သေးချိန်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ထိခိုက်လာမှာကို တရုတ်ကစိုးရိမ်ပြီး ပြည်တွင်းရေးမှာ အားလုံးပါဝင်နိုင်မယ့် တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းကို တိုက်တွန်းနေတာလို့ သူက သုံးသပ်ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ခုလို တွေ့ဆုံဆွေးနွေးမှုကြောင့် စစ်ကောင်စီ ဘက်က အာဆီယံ အစည်းအဝေး တက်ရောက်ခွင့်ရနိုင်ဖို့ အလားအလာ၊ အပြောင်းအလဲ လည်း ဖြစ်မလာနိုင်ဘူးလို့ ဦးရဲထွန်းက ဆိုပါတယ်။
တွေ့ဆုံဆွေးနွေးမှုအပြီးမှာ တရုတ်ကနေ စစ်ကောင်စီကို စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်း ဆောင်ရွက် ရေးဆိုင်ရာ သဘောတူစာချုပ်အရ ယွမ်သန်း (၆၅၀) ထောက်ပံ့သွားဖို့ ရှိနေတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာ့အရေးပြေလည်ဖို့ ကြားဝင်ဆောင်ရွက်နေတဲ့ အာဆီယံအသင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Prak Sokhonn ကတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးဖို့၊ အာဆီယံရဲ့ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မြန်မာစစ်ခေါင်းဆောင်တို့ ဗီဒီယိုက တစ်ဆင့် ဆွေးနွေးမှုလုပ်ဖို့၊ မြန်မာနိုင်ငံကို ထပ်ပြီး လာရောက်ဖို့ လုပ်ဆောင်သွားမယ်လို့ မတ်လ ၃၁ ရက်မှာ ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီကို အာဆီယံ အစည်းအဝေးတွေမှာ မဖိတ်ကြားဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလက အာဆီယံ ထိပ်သီးညီလာခံမှာ ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။