ပြည်နယ် သုံးခုက အထက်တန်း ကျောင်းအများစု ပြန်ဖွင့်ခွင့်မရ
တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အထက်တန်းကျောင်းတွေ ပြန်လည်ဖွင့်လှစ် နေရာမှာ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ကျောင်းတော်တော် များများကတော့ ပြန်ဖွင့်နိုင်ခြင်းမရှိသေးပါဘူး။
-
ဝေယံမိုးမြင့်
2020-07-22 -
-
-
တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အထက်တန်းကျောင်းတွေ ပြန်လည်ဖွင့်လှစ်နေရာမှာ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ကျောင်းတော်တော်များများကတော့ ပြန်ဖွင့်နိုင်ခြင်းမရှိသေးပါဘူး။
ကျောင်းတွေမှာ ကိုရိုနာဗိုင်းရပ် အန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး ဆောင်ရွက်ထားမှု အနေအထား ဆန်းစစ်တာတွေကို A/ B/ C အဆင့် သုံးခုသတ်မှတ်ထားပြီး A အဆင့်ရမှသာ ကျောင်းပြန်ဖွင့်ခွင့်ရတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အထကနဲ့ အထကခွဲ အထက်တန်းကျောင်းပေါင်း ၄၄၀ ရှိပေမယ့် ဇူလိုင် ၂၂ ရက်နေ့အထိ ၃၉ ကျောင်းပဲ ပြန်လည်ဖွင့်လှစ်နိုင်ပါသေးတယ်။
၁၁ ကျောင်းကတော့ ရိုဟင်ဂျာပြဿနာနဲ့ တိုက်ပွဲအခြေအနေတွေကြောင့် လုံးဝပြန်လည်ဖွင့်လှစ်နိုင်မှာ မဟုတ်ပါဘူး။
ကျန်တဲ့ကျောင်းတွေလည်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ဆိုပါတယ်။
“အထက်တန်းနဲ့ အထက်တန်းကျောင်းခွဲ ၄၄၀ ရှိတယ်။ အဲမှာမဖွင့်နိုင်တာ ၁၁ ကျောင်းရှိတယ်။ မနေ့ကတော့ ၁၃ ကျောင်းပဲ ဒီနေ့တော့ ၃၉ ကျောင်း ကျောင်းသားတွေ တက်ရောက်သင်ကြားနေကြတယ် ကျန်တဲ့ကျောင်း တွေလည်း လုပ်နေတယ် ဆက်ပြီးတော့”
ကယားပြည်နယ်တစ်ခုလုံးမှာ အထက်တန်းကျောင်းနဲ့ အထက်တန်းကျောင်းခွဲ ကျောင်းပေါင်း (၅၆) ကျောင်းရှိရာမှာ တစ်ပြည်နယ်လုံး (၁၈) ကျောင်းသာ ဖွင့်လှစ်နိုင်ပါသေးတယ်။
“တစ်ပြည်နယ်လုံး အတိုင်းအတာတော့ ကျနော်ဒီမနက်ကြားလိုက်သမျှ တစ်ပြည်နယ်လုံးကတော့ ၁၈ ကျောင်းလို့ အဲလောက်ပဲရတယ်”
ဖရူဆိုမြို့နယ် ပညာရေးမှူး ဦးလှဝင်း ပြောသွားတာပါ။
ဖရူဆိုမြို့နယ်က ကျောင်းတွေမှာ အထက်တန်းကျောင်းနဲ့ အထက်တန်းကျောင်းခွဲ ၅ ကျောင်း ရှိရာမှာ ကျောင်းအားလုံး ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်မှု အစောပိုင်းစစ်ဆေးရာမှာ အဆင့် B သာရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဆေးဖျန်းပုံးတွေ၊ ပိုးသတ်ဆေးဖျန်းနည်းတွေအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတဲ့အတွက်ကြောင့် အဆင့် B ပဲရခဲ့တာလို့ ဖရူဆိုမြို့နယ် အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးကြည်က ပြောပါတယ်။
“ကျမတို့နဲ့မရင်းနှီးတဲ့ဟာပေါ့နော် နည်းနည်းလိုအပ်ချက်ကလေး ရှိသွားတာပေါ့ အဲဒီမှာ ကျမတို့ B ရသွားတာပေါ့။ B ကဘာတွေရလည်းဆို ဆေးဖျန်းပုံးတို့၊ ပိုးသတ်ဆေးတို့နော်၊ ပိုးသတ်ဆေးဖျန်းနည်းတို့ အဲဒီ Method (နည်းလမ်း)ကလေးတွေပေါ့ အဲဒါလေးတွေလိုတယ်။ အခုတော့ အဲဒါတွေဖြည့်ဆည်းပြီးပါပြီ။ အဆင်ပြေပါတယ်”
ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး လိုအပ်ချက်တွေကိုတော့ ပြည်နယ်အစိုးရက ထောက်ပံ့ပေးတာတွေ ရှိနေပြီး ရေရှည်မှာတော့ ကျောင်းသားမိဘတွေကနေပြီး ဝိုင်းဝန်းအားဖြည့်တဲ့ နည်းလမ်းနဲ့ ကူညီပေးဖို့ ဖရူဆိုမြို့နယ် ထီးပေါ်ဆို အ.ထ.က(ခွဲ) ကျောင်းအုပ်ကြီး ဒေါ်ဒိုမေးနီကာဆန်း ပြောပါတယ်။
“ကျမတို့က လိုအပ်ချက်တော့ အနည်းအကျဉ်းစီရှိကြတယ်ပေါ့နော်၊ မိဘတွေအနေနဲ့ပေါ့ ဒီမှာကျတော့ တချို့ဖြည့်ဆည်းပေးတာတွေ ပြည်နယ်အစိုးရတွေရော အဲကနေ ဖြည့်ဆည်းပေးတာတွေရှိတယ်။ လိုအပ်ချက်တွေ၊ mask တွေဘာတွေဆို အကုန်ဖြည့်ဆည်းပေးတယ်။ ဒါပေမဲ့ ကလေးတွေအတွက် ရေရှည်မခံနိုင်ခါကျတော့ မိဘတွေအနေနဲ့ တခြားနည်းလမ်းတွေနဲ့ ပေါင်းဖို့ကူညီခိုင်းစေချင်တယ်ပေါ့”
ဖရူဆိုမြို့နယ်လို ရေရှားပါးတဲ့မြို့နယ်မှာ ဆိုရင်တော့ မိုးရာသီမှာ မိုးရေခံထားတဲ့ ရေရှိပေမယ့်လည်း တစ်နှစ်ပတ်လုံးအတွက် လက်ဆေးဖို့ ရေတွေလုံလုံလောက်လောက်ရှိဖို့က မလွယ်ကူလှပါဘူး။
ချင်းပြည်နယ်မှာတော့ အထက်တန်းကျောင်းနဲ့ အထက်တန်းကျောင်းခွဲ ၂၀၇ ကျောင်းရှိပေမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာ အထက်တန်းကျောင်း ၂၁ ကျောင်းသာ ဖွင့်လှစ်နိုင်သေးတယ်လို့ ချင်းပြည်နယ် ပညာရေးမှူး ဦးဘီကူးဒူက RFA ကို ပြောပါတယ်။
ကျန်ရှိတဲ့ ကျောင်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ စည်းကမ်းချက် အချက် ၈ဝ နဲ့အညီ ကိုက်ညီဖို့ စစ်ဆေးနေတုန်းဖြစ်တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ် တွန်းဇန်မြို့နဲ့ ပလက်ဝမြို့နယ်တွေမှာတော့ အထက်တန်းကျောင်းတွေ လုံးဝဖွင့် လှစ်နိုင်ခြင်း မရှိသေးပါဘူး။
“သွားရေးလာရေး အဆင်မပြေတဲ့ကျောင်းတွေ အများကြီးရှိလို့ စစ်ဘေးလည်းပါတာပေါ့။ တိုက်ပွဲရှောင် တွေလည်း ပါတယ်။လျာထားတာက အထက်တန်းကျောင်း ၆ ကျောင်းနဲ့ အထက်တန်းကျောင်းခွဲ က ၇ ကျောင်း အားလုံး ၁၃ ကျောင်း လျာထားတာပါ။ ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အချက် ၈ဝ မှာ စစ်ဆေးတဲ့အခါမှာ B အဆင့်ပဲ ရှိသေးလို့ တစ်ကျောင်းမှ ဖွင့်ခွင့်မရသေးပါဘူး”
ပလက်ဝမြို့နယ် ပညာရေးမှူး ဦးအောင်မင်း ပြောသွားတာပါ။
ကျောင်းတွေ ပြန်ဖွင့်ဖို့ သက်ဆိုင်ရာ အခြေခံပညာရေးဦးစီးဌာနက မြို့နယ်ပညာရေးမှူး၊ ကျောင်းစစ်ဆေးရေး အဖွဲ့တွေ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးဌာန၊ ကျောင်းကော် မတီအဖွဲ့တွေက ကျောင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေး ဆောင်ရွက်ထားမှုတွေကို ဇူလိုင် ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။
သတ်မှတ်ချက်အဆင့်ကိုတော့ ကျောင်းတွေမှာ ကာကွယ်တားဆီးရေး စီမံဆောင်ရွက်မှု၊ စာသင်ကျောင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် သံသယ လက္ခဏာရှိသူ၊ ဖျားနာသူနဲ့ ရောဂါပိုးကူးစက်ခံရသူ တွေ့ရှိရင် ထားဖို့နေရာစီစဉ်ထားမှု၊ ပိုးသတ်သန့်စင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ထားမှု၊ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဆောင်ရွက်ထားမှုဆိုတဲ့ ခေါင်းစဉ်ကြီး ၄ ခုနဲ့ အမှတ်ပေး စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။
ဖွင့်လှစ်ခွင့်မရသေးတဲ့ ကျောင်းတွေနဲ့ပတ်သက်လို့ အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကို ဆက်သွယ်မေးမြန်းပေမယ့် အစည်းအဝေးတက်ရောက်နေလို့ဆိုပြီး လက်ခံဖြေကြားတာ မရှိပါဘူး။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အထက်တန်းအဆင့် ကျောင်းပေါင်း ၇ ထောင်ကျော်ရှိတဲ့ထဲက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးသတ်မှတ်ချက်တွေနဲ့ အဆင့်မှီတဲ့ ကျောင်းပေါင်း ၃၂၀၀ ကျော်ကို မနေ့က ဇူလိုင် ၂၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။