မြစ်ရေကြီးမှုကြောင့် စာသင်ကျောင်းတစ်ရာကျော် ပိတ်ထားရ
2024.07.15

ဧရာ၀တီမြစ်ရေကြီးမှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက်က မြို့နယ် ရှစ်မြို့နယ်မှာ ရေဝင်နစ်မြုပ်နေတဲ့ စာသင်ကျောင်းပေါင်း ၁၀၇ ကျောင်း ပိတ်ထားရတယ်လို့ စစ်ကောင်စီက နေ့စဉ်ထုတ်ပြန်တဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့ကနေ ဇူလိုင်လ ၁၅ ရက်နေ့အထိ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ ပွင့်ဖြူ၊ ဆင်ပေါင်ဝဲ၊ အောင်လံ၊ ကံမနဲ့ အင်္ဂပူမြို့နယ်တွေက စာသင်ကျောင်းတွေ ပိတ်ထားရတာလို့ ဆိုပါတယ်။
ပိတ်ထားရတဲ့ စာသင်ကျောင်းတစ်ရာကျော်မှာ ပခုက္ကူ၊ ပွင့်ဖြူနဲ့ ကံမမြို့နယ်တွေထဲက စာသင်ကျောင်းအများစု ပါဝင်ပြီး အဲဒီသုံးမြို့နယ်မှာတင် စာသင်ကျောင်းပေါင်း ၇၁ ကျောင်း ပိတ်ထားရတာပါ။
မကွေးတိုင်း ကံမမြို့နယ်မှာတော့ မြို့ရဲ့မြောက်ဘက် ဧရာ၀တီမြစ်ကမ်းတစ်လျှောက်က ရွာတွေအားလုံး ရေဝင်နေပြီး စာသင်ကျောင်းတွေ ပိတ်ထားရသလို လူတွေလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိကတော့ မြို့ရဲ့ မြောက်ဘက် ကျွန်းကလေးကနေ ပုထိုးအထိ တောက်လျှောက်ပဲ။ စာသင်ကျောင်းတွေလည်း ပိတ်ထားရတယ်။ လူတွေရော၊ ကျွဲနွားတိရစ္ဆာန်တွေရော ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရတယ်။ ရေကြီးတော့ လမ်းပန်းဆက်သွယ်ရေးတွေရော ခက်သွားတာပေါ့”
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကတော့ နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၁ မြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး ရေကြီးရေလျှံမှုတွေ ဆက်ရှိနေတယ်လို့ ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။
ရေကြီးမှုတွေကြောင့် မြစ်ဝှမ်းတစ်လျှောက်က မြို့ရွာတွေမှာ သီးနှံစိုက်ခင်းတွေ ဧကသောင်းချီ ပျက်စီးတာ၊ လမ်းတံတားတွေ ပျက်စီးတာ၊ ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းရတာတွေနဲ့ ကြုံနေရပါတယ်။