ပြည်ထဲရေးအရာရှိ ၃ ဦးအပါအဝင် ၆ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆို


2017.07.17
zawhtay-mar3-620.jpg နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို မတ်လ ၃ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/RFA

ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက အရာရှိ ၃ ဦးအပါအဝင် စုစုပေါင်း ၆ ဦးကို မနေ့က ဖမ်းဆီးလိုက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူနိုင်ဖို့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချိုနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက အရာရှိ ၃ ဦး အပါအဝင် ၆ ဦးဟာ ရန်ကုန်မှာရှိတဲ့ မြေကွက်တစ်ကွက်နဲ့ပတ်သက် ပြီး သိန်းထောင်နဲ့ချီ အဂတိလိုက်စားမှုရှိခဲ့တာဖြစ်တယ်လို့ နိုင် ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဧပြီလလောက်ကစတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီအမှုဟာ အရင်က ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားတာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက အရာရှိတွေ ပါဝင် ပတ်သက်နေတာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လွှဲပြောင်းပေးပြီး ကိုင်တွယ်စေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချို၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးက ဒုတိယရဲမှူးကြီးတစ်ဦး၊ ပြည်ထဲရေးဝန်ကြီး ဌာနက ဒုတိယညွှန်ကြားရေးမှူး တစ်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာနက ဦးစီးအရာရှိ တစ်ဦးနဲ့ မြေပိုင်ရှင် ကိုယ်စားလှယ် လွှဲအပ်ခြင်းခံထားရသူ နှစ်ဦးတို့ဟာ အဂတိလိုက်စားမှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

တချို့ကိစ္စတွေကို စစ်ဆေးတဲ့အခါ ကျော်စောမှု သဘောမျိုး ဖြစ်နေပြီး၊ တိကျတဲ့ ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ လိုအပ်နေကြောင်း၊ သံသယဖြစ်ခြင်းခံရသူတွေအနေနဲ့လည်း ဥပဒေနဲ့အညီ ပြန်လည် ရှင်းလင်းချေပခွင့်ရှိရမှာ ဖြစ်ကြောင်းလည်း ဦးဇော်ဌေး ဖြန့်ဝေတဲ့ သတင်းအချက် အလက်တွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။