ကျပ် ၁ဝဝဝ တန် ငွေစက္ကူတု ၁ဝ သိန်းဖိုး လက်ပံတန်းမြို့နယ်မှာ ဖမ်းဆီးမိ
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ဆီးဖြူကုန်း ဘူတာမှာ ကျပ် တထောင်တန် ငွေစက္ကူအတု ၁ဝ သိန်ဖိုးကို ရထားစီး ခရီးသည် တဦးဆီကနေ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ် လို့ သတင်းရရှိပါတယ်။
-
2011-03-26 -
-
-
အခုလို ဖမ်းဆီးရမိတဲ့ ငွေအတုတွေနဲ့ ပတ်သက်ပြီး လက်ပံတန်း မြို့ခံတဦးက RFA ကို အခုလို ပြောပြပါတယ်။
“ငွေစက္ကူအတု ဆိုတာလည်း သပ်သပ်ရပ်ရပ် လုပ်ထားတာ မဟုတ်ဘဲ လျှောက်လွှာစာရွက် အဖြူပေါ်မှာ မိတ္တူကူးထားတဲ့ တထောင်တန်တွေ၊ နံပါတ်တွေကလည်း တခုတည်း။ ၁ဝ သိန်းလောက် ရှိတယ်။ ဖမ်းမိတဲ့ တရားခံကို စစ်ဆေးလိုက်တဲ့အခါမှာ အဲဒီစက္ကူကို ဆီးဖြူကုန်း၊ သာရဝေါ၊ ရွာလေး၊ စမုံဆိပ်ရွာတို့မှာ နေ့စဉ် လုပ်နေတဲ့ လောင်းကစားဝိုင်းတွေမှာ သုံးဖို့လို့ ထွက်ဆိုတယ်။ အဲဒါကို လက်ပံတန်းရဲစခန်းက ဆက်ပြီး အရေးယူ ဆောင်ရွက်နေတယ်။ လောင်းကစားဝိုင်းတွေ နေ့စဉ်နဲ့အမျှ ဖြစ်နေတာကနေပြီး မသိနားမလည်တဲ့ တောသူတောင်သားတွေ၊ အရက်သေစာ သောက်စားပြီး လောင်းကစား လုပ်ကြတဲ့သူတွေကို ဒိုင်တွေက မလိမ့်တပတ် လုပ်နေတယ်ဆိုတာ ပေါ်လွင် ထင်ရှားသွားတာပေ့ါ”
လက်ပံတန်းမြို့နယ်မှာ လောင်းကစားဝိုင်းတွေ အတော် များနေပြီး လောင်းကစားပွဲတွေကြောင့် ရန်ပွဲတွေ၊ လုယက်မှုတွေပါ မကြာခဏ ဆိုသလို ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေက ဘာမှ အရေးယူ ဆောင်ရွက်တာတွေ မရှိသေးဘူးလို့လည်း သိရပါတယ်။