ငွေလွှဲလုပ်ငန်း တရားမဝင်လုပ်ကိုင်သူ အယောက်နှစ်ဆယ်ကို စစ်ကောင်စီ တရားစွဲ
2024.01.12

ဟွန်ဒီလို့ခေါ်တဲ့ ငွေလွှဲလုပ်ငန်း တရားမဝင်လုပ်ကိုင်နေသူ အယောက်နှစ်ဆယ်ကို တရားစွဲဆိုထားတယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ဇန်နဝါရီ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူဆိုပြီး ကျော်စောသတင်းထွက်နေသူ ၉၉ ဦးကို စစ်ဆေးခဲ့ပြီးနောက် လူပုဂ္ဂိုလ် နှစ်ဆယ်ဦးကို သက်ဆိုင်တဲ့ မြို့နယ်တရားရုံတွေမှာ အမှုဖွင့် အရေးယူထားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက ဒေါ်လာငွေကျပ်တည်းလာတာနဲ့အတူ ပြည်ပကနေ တော်လှန်ရေးအတွက် ထောက်ပံ့နေတာတွေကို ရပ်တန့်လိုတဲ့အတွက် ဟွန်ဒီငွေလွှဲလုပ်ငန်းတွေကို ပိုမိုစစ်ဆေးလာတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
“စီးပွားရေးအတွက်လည်း ဖြစ်နိုင်တယ်။ စီးပွားရေးအရ သူတို့အကျပ်အတည်းဖြစ်နေတယ်။ နောက်ပြီး တော်လှန်ရေးအရ ငွေကြေးစီးဆင်းတဲ့ကိစ္စတွေကို ဖော်ချင်တယ်။ ဘာလို့ဆို တော်လှန်ရေးအရ ပြည်သူကနေ ပြည်သူကို သွားနေကြတာကိုး။ အဲဒါကြောင့် အဲ့ငွေကြေးစီးဆင်းမှုတွေကို ဖြတ်တောက်ချင်တဲ့သဘောပဲ။ တကယ်အထိနာတာကတော့ ပြည်တွင်းမှာ ကျပ်တည်းလို့ နိုင်ငံခြားမှာသွားပြီးတော့ သူများတိုင်းပြည်မှာ အလုပ်သွားလုပ်ရတဲ့ ရိုးသားကြိုးစားအလုပ်လုပ်နေတဲ့ အလုပ်သမားတွေ မိသားစုကို ပြန်ပို့တဲ့အခါမှာ အခက်အခဲ အကျပ်အတည်းတွေ့ရတယ်"
တရားစွဲခံရသူတွေထဲမှာ တရားမဝင်လုပ်ငန်းလိုင်စင် မရှိဘဲ ထိုင်း၊ တရုတ်နဲ့ မလေးရှားနိုင်ငံရောက်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လစာငွေတွေ လွှဲပြောင်းပေးသူ ကိုးဦး၊ ကုန်ပစ္စည်းဝယ်ရာမှာ ငွေလွှဲပေးသူ သုံးဦး၊ နိုင်ငံခြားငွေကနေ မြန်မာကျပ်ငွေလဲလှယ်ပြီး ပြည်တွင်းမှာ ငွေလွှဲပေးသူ ရှစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ပြည်ပနိုင်ငံရောက် မြန်မာအလုပ်သမားတွေရတဲ့ အခြေခံလစာငွေရဲ့ ၂၅ ရာခိုင်နှုန်းကို လစဉ် ဒါမှမဟုတ် သုံးလတစ်ကြိမ် စစ်ကောင်စီ သတ်မှတ်ထားတဲ့ ငွေလွှဲလုပ်ငန်းတွေမှာ ဘဏ်စာရင်းဖွင့်ပြီးမှ မိသားစုဆီ ငွေလွှဲပို့ဖို့၊ ပြည်ပရောက် မြန်မာတွေရဲ့ ရရှိတဲ့လစာ ဝင်ငွေအပေါ် မူတည်ပြီး ဝင်ငွေခွန် ဆောင်ဖို့ စတာတွေကို ဥပဒေတစ်ရပ် ပြင်ဆင်ပြဌာန်းပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ စတင်တင်းကျပ်ခဲ့တာဖြစ်ပါတယ်။