ကြည်လင်းနဲ့ အတူမရှိကြောင်း အောင်ဝင်းဇော် ငြင်းဆို
2018.07.13

ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုပ်ကြံသူ ကြည်လင်းနဲ့ စကားပြောဆိုတာ မရှိခဲ့ကြောင်း အောင်ဝင်းဇော်က ဒီနေ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
ဦးကိုနီ လုပ်ကြံခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကြည်လင်း၊ အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး တို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်ရုံးမှာ မနေ့ကစပြီး စစ်ဆေးနေတာဖြစ်ပါတယ်။ တရားရုံးမှာ ထွက်ဆိုခဲ့တာတွေကို တရားလိုဘက်က ရှေ့နေတစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေး က ပြောပါတယ်။
"CCTV ကင်မရာ ၀၇၈ က ရိုက်ထားတာက ကြည်လင်းနဲ့ အောင်ဝင်းဇော် ကျောခြင်းကပ်ပြီး စကားပြောနေကြတယ် ဆိုတဲ့အကြောင်းရိုက်ပြီးတော့ သက်သေခံတင်ထားတယ်၊ အဲတော့ သူက ကျောခြင်းကပ်ထာမရှိဘူး၊ ကြည်လင်းနဲ့ စကားပြောတာမရှိဘူး CCTV ဖွင့်ပြပါ။ ဖွင့်ပြတယ် ဖွင့်ပြတဲ့အခါကျတော့ သူနဲ့ ကိုအောင်ဝင်းဇော်နဲ့ ကိုကြည်လင်းနဲ့ဟာ CCTV ပုံထဲမှာ ကျွန်တော်တို့ တပေလောက်ကွာပြီးတော့ ဟိုဘက်ဒီဘက် လှည့်နေကြတယ်ပေါ့ဗျာ ဒါကိုတွေ့တယ်။ အဲတာ ကို ကျောခြင်းကပ်တာမဟုတ်ဘူးလို့ ပြောမယ်ဆိုရင်လည်း ကျောခြင်းထိအောင်တော့ မကပ်ဘူးပေါ့ဗျာ။ ကြိုက်သလိုယူဆလို့ ရပါတယ်။ သို့သော် သူတို့ ၂ ယောက် အတူ ရှိနေတယ်။"
ရှေ့နေ ဦးကိုနီဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးခဲ့တာပါ။ ရှေ့နေ ဦးကိုနီအမှုဟာ အချိန်တနှစ်ကျော် ကြာမြင့်လာပြီးနောက် မနေ့ကမှ တရားခံတွေကို စတင်စစ်ဆေးနိုင်တာဖြစ်ပါတယ်။
အရင်တုန်းက တရားခံတွေကို ပြန်လည်စစ်မေးရာမှာ အစိုးရဘက်က ဥပဒေပညာရှင်ကတဆင့် မေးမြန်းခွင့်ရှိပေ မယ့် ဒီနေ့ကစပြီး တရားလိုဘက်က ရှေ့နေတွေအဖြစ် လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးခင်မောင်ဌေး၊ ရှေ့နေ ဦးနေလ၊ ရှေ့နေ ဦးရောဘတ်စန်းအောင်တို့ ကိုယ်တိုင် အပြန်အလှန် စစ်မေးဖို့ ရှေ့နေချုပ်ရုံးက ခွင့်ပြုပေးလိုက်ပြီ လို့ သိရပါတယ်။
အောင်ဝင်းဇော်ကို နောက်လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့ ရုံးချိန်မှာ ထပ်မံစစ်ဆေးမှာဖြစ်ပါတယ်။