လက်ပံတန်း ကျောင်သားသပိတ် ဖြိုခွင်းမှု ဆက်လက်စစ်ဆေး


2015.06.09
students-tharyarwaddy-court-620.jpg ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင်တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ်
Photo: Kyaw Zaw Win/RFA

"ကိုအောင်မှိုင်းဆန်း အပါအဝင် ၆၈ ဦး" အမှုဆိုပြီး လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲွ့မှူးက တရားလိုပြုစွဲဆိုထား တဲ့ ကျောင်းသားသပိတ်အမှုကို သာယာဝတီခရိုင်တရားရုံးမှာ ဒီနေ့စစ်ဆေးရာမှာ သပိတ်ဖြိုခွင်းစဉ် ရဲတပ်ဖွဲ့ဝင်တွေ အသုံးပြုခဲ့တဲ့ နံပါတ်တုတ်ကို ရှေ့နေ ဦးအောင်သိန်းက သက်သေအဖြစ် တင်သွင်းရာမှာ တရားသူကြီးက ပယ်ချလိုက်ပါတယ်။

တရားလိုဖြစ်သူ ရဲမှူးဖုန်းမြင့်က ကျောင်းသားတွေကို နံပါတ်တုတ်နဲ့ ရွယ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ရုံးချိန်းတွေမှာ ထွက်ဆို ထားတာကြောင့် ကျိုးနေတဲ့ နံပါတ်တုတ်ကို သက်သေအဖြစ် တင်ပြတာဖြစ်တယ်လို့ ကျောင်းသားကျောင်းသူတွေ အမှုကို ကူညီပေးနေတဲ့ ရှေ့နေဦးအောင်သိန်းက ပြောပါတယ်။

"ရဲမှူးဖုန်းမြင့် ကိုစစ်တော့ ရဲကနေရိုက်တဲ့ လက်ကိုင်တုတ် ကျိုးပဲ့တဲ့ဟာကို ကျနော်တို့က သက်သေခံသွင်းတာပေါ့၊ ပထမသွင်းထားတဲ့ ဓါတ်ပုံတွေရှိတယ်ပေါ့ဗျာ၊ ရဲတွေကရိုက်နေတာ ၁၅ ပုံလောက်ရှိမယ်၊ အဲ့မှာတုတ်တွေနဲ့ ကိုင်ပြီးရိုက်တာ သူတို့ကရွယ်တယ်ပြောတယ်၊ ကျနော်တို့က ရိုက်တယ်လို့ပြောတာပေါ့နော်၊ တုတ်ကျိုးတဲ့အဆင့် ထိ ဖြစ်တယ်ဆိုတဲ့ဥစ္စာကို ကျနော်တို့က တရားရုံးကို တင်ပြပြောပြီးစစ်တာပေါ့၊ ဒါပေမဲ့ သက်သေခံအဖြစ် တင်သွင်းလို့မရတာကတော့ ဘယ်သူ့လက်နက်ပါ ဘယ်သူက ဘယ်လိုရတယ်ဆိုတာ မပြောနိုင်တဲ့အတွက် ပလပ်တယ်ပေါ့"

ဒီနေ့ရုံးချိန်မှာ ကျောင်းသားသပိတ်ကို အားပေးကူညီခဲ့တာကြောင့် ဖမ်းဆီးခံထားရသူတစ်ဦးဖြစ်တဲ့ ကိုခင်လှိုင်ဟာ သွေးအန်ပြီး မူးလဲသွားတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်ရပါတယ်။

အလားတူ ပြီးခဲ့တဲ့ရုံးချိန်းတုန်းက မေ့လဲခဲ့တာကြောင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ ခွဲစိတ်ကုသမှုခံယူနေတဲ့ ကျောင်းသားသပိတ်ဝန်းရံသူ ကိုတင်ဝင်းအတွက် အာမခံပေးဖို့တင်ပြရာ မှာ ရှေ့သီတင်းပတ်ရုံးချိန်းမှာ ဆုံးဖြတ်ချက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဝန်းရံသူတွေထဲက ၁ဝ ဦးလောက်ဟာ သပိတ်ဖြိုခွင်းခံရစဉ် ရရှိခဲ့တဲ့အတွင်းဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ ရှေ့နေတွေနဲ့ ကူညီပေးနေသူတွေက ပြောကြပါတယ်။

ဒီအကြောင်း RFA အဖွဲ့သူ မခက်မာတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။