ကိုအောင်ကြီး လိင်အကြမ်းဖက်ဖို့အခြေအနေမရှိကြောင်း ဒေါ်ဥမ္မာလှိုင် ထွက်ဆို

victoria အမှုမှာ သံသယတရားခံ ကိုအောင်ကြီးဟာ လိင်အကြမ်းဖက်တဲ့ ပြစ်မှုကျူးလွန်နိုင်တဲ့ အချိန်နဲ့ အခွင့်အရေး မရှိနိုင်‌ကြောင်း Wisdom Hill မူကြိုကျောင်း ‌ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဒီနေ့ ၁၂ ကြိမ်မြောက်ရုံးချိန်း တရားခွင်မှာ ထွက်ဆိုပါတယ်။

Wisdom Hill မူကြိုကျောင်း၊ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် ကို ၂၀၁၉၊ အောက်တိုဘာ ၇ ရက်နေ့က တွေ့ရစဉ် ဓါတ်ပုံ - သီဟထွန်း/ RFA

နေပြည်တော်မှာ လိင်အကြမ်းဖက်ခံရတဲ့ ဗစ်တိုးရီးယား ကလေးငယ်အမှုအတွက် Wisdom Hill မူကြိုကျောင်းက ကျောင်းကြီးကြပ်ရေးမှူး ဒေါ်‌ဥမ္မာလှိုင်နဲ့ ဆရာမနှစ်ဦးကို ဒက္ခိဏခရိုင်တရားရုံးမှာ ဒီနေ့ ၁၂ ကြိမ်‌မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

မူကြိုကျောင်း ‌ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်အနေနဲ့ ပြီးခဲ့တဲ့ရုံးချိန်းမှာ စစ်ဆေးမှု မပြီးပြတ်ခဲ့တဲ့အတွက် ဒီနေ့ ဒုတိယအကြိမ်မြောက်  လာ‌ရောက်ထွက်ဆိုခဲ့တာပါ။

ဖမ်းဆီးတရားစွဲခံထားရတဲ့ ကိုအောင်ကြီးအနေနဲ့ လိင်အကြမ်းဖက်တဲ့ ပြစ်မှုကျူးလွန်နိုင်တဲ့အချိန်နဲ့ အခွင့်အရေး မရှိနိုင်‌ကြောင်း တရားခွင်မှာ ဒေါ်ဥမ္မာလှိုင်က ထွက်ဆိုခဲ့တယ်လို့ ကိုအောင်ကြီးရဲ့  ရှေ့နေဦးခင်မောင်ဇော် က ပြောပါတယ်။  

ဒီနေ့စစ်ဆေးခဲ့တဲ့ ဆရာမနှစ်ဦးထဲက တစ်ဦးကလည်း ကိုအောင်ကြီး ကျူးလွန်ခဲ့တာ  မဟုတ်ကြောင်း ယတိပြတ် ထွက်ဆိုခဲ့တယ်လို့  ကိုအောင်ကြီးရဲ့ ရှေ့နေတွေက ပြောပါတယ်။


အစိုးရ ဥပဒေအရာရှိ ဦးကျောင်မင်းအောင်က Wisdom Hill မူကြိုကျောင်းမှာ ရိုက်ကူးထားတဲ့ CCTV Hard disk ထဲက ပျောက်ဆုံးနေတဲ့ မှတ်တမ်းဗွီဒီယိုဖိုင်တွေပြန်ရဖို့ နည်းပညာကျွမ်းကျင်သူတွေ အပါအဝင် ရဲအရာရှိ ‌‌လေးဦးရဲ့ စာရင်းကို တရားရုံးထံ တင်ပြခဲ့ပါတယ်။

အဲဒီထဲက တစ်ဦးက မြန်မာနိုင်ငံ ကွန်ပြူတာပညာရှင်များအသင်းရဲ့ဥက္ကဌ ဖြစ်တယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။
တရားလိုဖြစ်သူ ဗစ်တိုးရီးယားရဲ့ မိခင်ဘက်က လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် က ပျောက်ဆုံးနေတဲ့ မှတ်တမ်းဖိုင်တွေပြန်ရဖို့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ နည်းပညာကျွမ်းကျင်သူတွေကို တရားရုံးကို ဆင့်ခေါ်ထားတယ်လို့ ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ လူအများ စိတ်ဝင်စားတဲ့ ဆရာမ နှင်းနုအပါအဝင် ဆရာမသုံးဦးကို စစ်ဆေးဖို့ရှိပါတယ်။

အမှုက မူလစီစဉ်ထားသလို ဒီဇင်ဘာလထဲမှာ သက်သေတွေအားလုံးကို စစ်ဆေးနိုင်ခြေမရှိပဲ ဇန်နဝါရီလထဲမှာ ဆက်လက် စစ်ဆေးဖို့ရှိနေပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org