ဗစ်တိုးရီးယားအမှု အချက်အလက်တွေကို ထုတ်ပြောတဲ့ ရဲအရာရှိတွေကို ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်မည်


2020.03.16
victoria-622.jpg ဗစ်တိုးရီးယား ကလေးငယ်အမှုနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ကလေးငယ်ရဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိတွေကို အရေးယူပေးဖို့ ၂၀၁၉၊ ဒီဇင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့မှာ ဆန္ဒပြတောင်းဆိုကြစဥ်။
Photo: အောင်သိင်္ခ/ RFA

ဗစ်တိုးရီးယား ကလေးငယ်အမှုနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ကလေးငယ်ရဲ့  အချက်အလက်တွေကို ထုတ်ဖော်ပြောခဲ့တဲ့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိ သုံးဦးနဲ့ ရဲဇာနည် ပေ့ချ် အက်ဒမင်တို့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်သွားမယ်လို့ ဗစ်တိုးရီးယား အမှုမှန်ပေါ်ပေါက်ရေးကော်မတီက စာရေးဆရာထင်လင်းဦးက ဒီနေ့ ပြောပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့က မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း (ILAM) ရုံးခန်းမှာ ဒီနေ့ ညနေပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။

ရဲအရာရှိ ၃ ဦးနဲ့ ရဲဇာနည် ပေ့ချ်အက်ဒမင်ကို  ၆၆ (ဃ)နဲ့ ဇမ္ဗူသီရိမြို့နယ် ရဲစခန်းမှာ ဒီရက်ပိုင်းအတွင်း သွားရောက် အမှုဖွင့်သွားမှာဖြစ်ပြီး ဒီအမှုကို  မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း(ILAM)က အမှုလိုက်ပေးသွားမှာဖြစ်တယ်လို့ အထွေထွေအတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက  သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။

ဗစ်တိုးရီးယားကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုမှာ စွပ်စွဲခံရသူ ကိုအောင်ကြီးကို တရားစွဲတင်ဖို့ ခိုင်လုံတဲ့ သက်သေထွက်ချက်မရှိတာကြောင့် တရားလိုပြသက်သေတွေ  စစ်ဆေးမပြီးခင်မှာ တရားသူကြီးက တရားရှင် လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

အဲ့လိုလွှတ်ပေးခဲ့ပြီး နောက်တစ်ရက် ၂၀၁၉ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ  မြန်မာနိုင်ငံရဲတပ်ဖွဲ့က မူခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊ မူခင်းတပ်ဖွဲ့ ညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန်နဲ့ မူခင်းရဲတပ်ဖွဲ့ဌာနမှူး ရဲမှူးကြီး သာဒွန်းတို့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။  အဲ့ဒီပွဲမှာ ရဲအရာရှိတွေက နစ်နာသူ ဗစ်တိုးရီးယား ကလေးငယ်ရဲ့ အမည်ရင်း ၊မိဘအမည် ၊ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ဖော်ပြောခဲ့ပြီး ရဲဇာနည် လူမှုကွန်ရက်စာမျက်နှာကနေလည်း အချက်အလက်တွေကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ထုတ်ဖော်ပြောဆိုခဲ့တာတွေအတွက် ကလေးငယ်နစ်နာခဲ့မှုအပေါ် ဆက်သွယ်ရေး ဥပဒေပုဒ်မ အပြင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁ နဲ့ပါ အမှုဖွင့် တရားစွဲဆိုသွားမှာဖြစ်ပြီး ဗစ်တိုးရီးယား ကလေးငယ်ရဲ့ ဖခင်ဆီက ကိုယ်စားလှယ်လွှဲစာ ရရှိထားပြီးဖြစ်လို့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ အရင်ဆုံး အမှုဖွင့်မှာဖြစ်တယ်လို့  ဦးထင်လင်းဦး ကပြောပါတယ်။

ပြည်သူ့ဝန်ထမ်းတွေကို တရားစွဲမယ်ဆိုရင် သမ္မတအမိန့်လိုအပ်တာကြောင့် သမ္မတအမိန့်လျှောက်ထားတာမှာ လက်ရှိအချိန်ထိ အကြောင်းပြန်တာမရှိသေးတဲ့အတွက်  ထပ်မံလျှောက်ထားသွားမယ်လို့  ဦးသိန်းသန်းဦးကပြောပါတယ်။

သမ္မတဆီက ပြန်ကြားချက်ရခဲ့ရင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁ နဲ့ပါ  ဆက်ပြီး တရားစွဲသွားမယ်လို့ ဆိုပါတယ်။

နောက်ဆုံးအဆင့် သမ္မတဆီက ခွင့်ပြုချက်မရခဲ့ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးထိ တက်ပြီး  ဆောင်ရွက်သွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးကတော့ ဗစ်တိုးရီးယား ကလေးငယ်အမှုမှာ လုပ်ထုံးလုပ်နည်း နဲ့ အညီ မဆောင်ရွက်နိုင်ခဲ့တဲ့ ဥပဒေပြဌာန်းမှုတွေနဲ့ ညီညွတ်မှုမရှိတဲ့ တာဝန်ရှိသူတွေကို သမ္မတညွှန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာနက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အရေးယူနေပြီ ဖြစ်တယ်လို့ မတ်လ ၁၃ ရက်နေ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။