ဆန္ဒပြလက်ပံတန်းမြို့ခံ ၉ ဦးကို အမှုဖွင့်


2015.03.17
letpadan-residents-protest-305.jpg ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို ထောက်ခံကြောင်း မတ်လ ၄ ရက်နေ့က လက်ပံတန်းမြို့ခံတွေ ဆန္ဒပြစဉ်။
Photo: Kyaw Zaw Win,Myo Thant Khaing/ RFA

လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းမဖက်ဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ လက်ပံတန်းမြို့ခံ ၉ ဦးကို တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ လက်ပံတန်းမြို့မရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။

အဲဒီ ၉ ဦးကို အာမခံပေးထားပြီး လာမယ့် မတ်လ ၁၉ရက်နေ့မှာ ရုံးချိန်းတက်ဖို့ ဆင့်ခေါ်ထားတယ်လို့ တရားစွဲခံထားရသူတစ်ဦးနဲ့ ဆွေမျိုးတော်စပ်သူ လက်ပံတန်းမြို့ခံ ကိုသက်က ပြောပါတယ်။

"၁၂ ယောက်မှာ ၉ ယောက်ပဲ လောလောဆယ် စွဲထားသေးတယ်၊ ၃ ယောက်ကပျောက်နေ လို့ ရှောင်နေတာလား ဘယ်လိုလဲတော့မသိဘူး၊ အဲ့နေ့ကတရားစွဲပြီးတော့ အာမခံနဲ့လွှတ်ထားတယ်၊ ရုံးချိန်းက ၁၉ ရက်နေ့ကတည်းက ချိန်းထားတယ်၊ လက်ပံတန်းမြို့မ ရဲစခန်းက ပုဒ်မ ၁၈ နဲ့ စွဲတာ"

လက်ပံတန်းမြို့ခံ တစ်ရာကျော်ဟာ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းမဖက်ဖို့နဲ့ ကျောင်းသားကျောင်း သူတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ ဒီလ ၉ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်း အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်း က ခေါင်းဆောင် ၃ ဦးကိုလည်း သပိတ်စစ်ကြောင်း ဖြတ်သန်းခဲ့တဲ့ မြို့နယ် ၁၀ ခုက တရားမဝင် စီတန်းလှည့်လည် မှု ပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်ပါတယ်။

မြို့နယ် ၁၀ ခုက ပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်တယ်ဆိုတာကို မအူပင်မြို့နယ် ရဲစခန်းက အကြောင်းကြားတာဖြစ်တယ်လို့ တရားစွဲခံရသူတွေထဲက ဦးဝေယံအောင်က ပြောပါတယ်။

"မအူပင်မြို့နယ် ရဲတပ်ဖွဲ့မှူးကနေပြီးတော့ ကျနော်ရယ်၊ ကိုအောင်အောင်ကျော်ရယ်၊ ကိုအောင်ခန့်ဆိုတဲ့ ၃ ယောက်ကို မနေ့က ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်တယ်လို့ကြားပါတယ်၊ ဂတိကဝတ်တွေက တော်တော်စဉ်းစား စရာဖြစ်လာပြီလေ၊ ပထမ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာလည်း သပိတ်နဲ့ဆက်စပ်တဲ့သူတွေကို အရေးမယူဘူး လို့ ပြောထားတာတွေလည်းရှိတယ်၊ တိုင်းဒေသကြီးအစိုးရက ကျနော်တို့ကိုတွေ့ဆုံပြီးတော့ ကျနော်တို့ဘက် ကနေပြီးတော့ ဖျက်ဆီးတာတို့ အလံမီးရှို့တာတို့ လုပ်မှာစိုးရိမ်တယ်ပေါ့နော်၊ သူတို့ဘက်ကလည်း ဧရာဝတီ တိုင်းအတွင်းမှာ အရေးယူတာတို့ ဟန့်တားတာတို့ လုပ်မှာမဟုတ်ဘူးဆိုပြီး လေးကြိမ်လောက်ပြောပါတယ်"

ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကစပြီး ပုသိမ်၊ ကံကြီးထောင့်၊ ကျောင်းကုန်း၊ ညောင်တုန်း၊ မအူပင်၊ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်၊ ပန်းတနော်နဲ့ ဒေးဒရဲမြို့တွေမှာ ၁၈ ရက် ကြာ လမ်းလျှောက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။