ကိုထင်ကျော်နဲ့ အဖွဲ့ကို အာမခံပေးဖို့ တရားရုံးက ငြင်းဆို
2013.08.13

အင်းစိန်ထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ "ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့"ခေါင်းဆောင် ကိုထင်ကျော်နဲ့ မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်က မြေသိမ်းခံရသူ ၃ ဦး စုစုပေါင်း ၄ ဦးကို ဒီနေ့ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးရာမှာ တရားရုံးက သူတို့အားလုံးကို အာမခံပေးဖို့ ငြင်းပယ်လိုက်ပါတယ်။
ဒီကနေ့ မြောက်ဥက္ကလာပမြို့နယ်မှာ စစ်ဆေးခဲ့တဲ့ ကိုထင်ကျော်တို့ အမှုရုံးချိန်းနဲ့ ပတ်သက်လို့ ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့က နိုင်ငံခြားရေး တာဝန်ခံ ကိုဇာနည်က RFA ကို အခုလိုပြောပါတယ်။
"အခုလောလောဆယ်ကတော့ ကျနော်တို့အနေနဲ့ ပုံမှန်အနေအထားထက် လျော့သွားတာက ဘာလဲဆိုတော့ ပထမအချက်က အရင်က ကိုထင်ကျော်အမှုစစ်တာကို အများပြည်သူအားလုံးက ကြားနာခွင့်ရှိပါတယ်၊ ဒီနေ့မှာတော့ အကန့်အသတ်နဲ့ပေးတာ ကို တွေ့လိုက်ရပါတယ်၊ ဒုတိယအချက်က ပုဒ်မ ၅ဝ၅(ခ)ကို အာမခံလျှောက်တာကို ပယ်ချပြီးတော့ ကိုထင်ကျော်ကို အင်းစိန်ထောင်ကို ပြန်ပို့လိုက်ပါတယ်၊ တခြားလူတွေက ၅ဝ၅(ခ)နဲ့ ပတ်သက်ပြီးတော့ အာမခံရနေပေမယ့် ကိုထင်ကျော်တို့က မရဘူးဆိုတာက ဒီတရားစီရင်ရေးမှာ ၅ဝ၅(ခ)နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးကွဲပြားခြားနားမှုတွေ ရှိနေသလဲဆိုတာကို ကျနော်တို့ ပြန်လည်စမ်းစစ်ရမည့်အပိုင်းရှိပါတယ်”
ကိုထင်ကျော်တို့ ၄ ဦးကို ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅-ခ၊ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ တို့နဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်မှာ ဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
သူတို့ အမှုရုံးချိန်းကို သြဂုတ်လ ၂ဝ ရက်နေ့မှာ ထပ်မံချိန်းဆိုလိုက်ပါတယ်။