The Voice အမှု အာမခံ ၇ ကြိမ်မြောက် ပယ်ချခံရ
2017.07.14

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ရဲ့ အာမခံကို ဗဟန်းမြို့နယ် တရားရုံးက ၇ ကြိမ်မြောက် ထပ်မံပယ်ချလိုက်ပါတယ်။
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ(မူကြမ်း)အရ အာမခံပေးဖို့ လျှောက်ထားခဲ့တာဖြစ်ပြီး အတည်မပြု ရသေးတဲ့ ဥပဒေဖြစ်လို့ဆိုပြီး အာမခံကို ထပ်မံပယ်ချတာဖြစ်တယ်လို့ ဦးကျော်မင်းဆွေရဲ့ တရားဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။
"အဲဒီအတွက် ဒါတွေကိုထောက်ထားပြီးတော့ အာမခံပေးပါလို့ ကျနော်တို့က လျှောက်ထားတယ်၊ သို့သော်လည်းပဲ ဗဟန်းမြို့နယ် ဥပဒေအရာရှိကတော့ ဒါသည်ဥပဒေကြမ်းအဆင့်ပဲရှိသေးတယ်၊ သမ္မတကနေပြီး လက်မှတ်ထိုးထုတ်ပြန်ထားတဲ့ ဥပဒေမဖြစ်သေးတဲ့အတွက် ဒါကြောင့်သူ့အနေနဲ့ ကန့်ကွက်ပယ်ချခြင်းဖြစ်ပါတယ်"
ဒီကနေ့ ၆ ကြိမ်မြောက်ရုံးထုတ်မှာ တရားလိုဖြစ်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးလင်းထွန်း ကို အပြန်အလှန်မေးခွန်းတွေ အပြီးသတ်မေးမြန်းခဲ့ပြီး အချက် ၃ ချက်ကို သက်သေပြနိုင်ခဲ့တယ်လို့ သိရပါတယ်။
သတင်းမီဒီယာကောင်စီကို တိုင်တန်းသူနဲ့ ကျေနပ်မှုမရှိလို့ ထပ်မံတိုင်ကြားသူ မတူညီတဲ့အချက်၊ အမှုဖြစ်စဉ်တစ်ခု တည်းကို ဗဟန်းမြို့နယ်တရားရုံး၊ ဗဟန်းမြို့မရဲစခန်းနဲ့ သတင်းမီဒီယာကောင်စီတို့ထံ တိုင်ကြားခဲ့တာ ဥပဒေနဲ့ မညီဘူးဆိုတဲ့အချက်နဲ့ တရားဝင်တည်ထောင်ထားတဲ့ မီဒီယာတစ်ခုကို မီဒီယာဥပဒေနဲ့ပဲ တရားစွဲဆိုရမယ် ဆိုတဲ့အချက်တွေကို သက်သေပြနိုင်ခဲ့တယ်လို့ ဦးခင်မောင်မြင့်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာ သရော်စာကို သတင်းဌာနရဲ့ အွန်လိုင်း စာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
အမှုအတွက် နောက်ထပ် ရုံးချိန်းကို လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာ ထပ်မံရုံးချိန်းဆိုလိုက်ပါတယ်။