ကိုထင်ကျော်ကို နောက် ထပ် ထောင် ၆ လ ချမှတ်
အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ကိုထင်ကျော်ကို တရားမဝင ်စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါတယ်။
-
2013-11-15 -
-
-
အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ကိုထင်ကျော်ကို တရားမဝင ်စီတန်းလှည့်လည်ခြင်း ပုဒ်မ - ၁၈ နဲ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါတယ်။
ကိုထင်ကျော်ဟာ လက်ပံတောင်းတောင်အရေးမှာ ပါဝင်မှုကြောင့် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ဆန္ဒပြခဲ့တဲ့အတွက် မြို့နယ် ၅မြို့နယ်က တရားစွဲထားပြီး အခုလို မြို့နယ်တစ်ခုချင်းစီက အမိန့်ချမှတ်နေတာဖြစ်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုများအဖွဲ့က ကိုသိန်းအောင်မြင့်က ပြောပါတယ်။
"မနှစ်ကပေါ့ လက်ပံတောင်းအရေး သံဃာတော်တွေလှုပ်ရှားမှုမှာ ကျနော်အပါအဝင် မန္တလေးဗကသ ၃ ဦး ပါဝင်ကူညီတဲ့အပေါ်မှာ ဖမ်းခဲ့တာ ပြန်လွှတ်ပေးဖို့ရယ်၊ လက်ပံတောင်းတောင်အရေးမှာ အာဏာပိုင်အဖွဲ့က လက်နက်နဲ့ဖြိုခွင်းခဲ့တဲ့အပေါ်မှာ အမိန့်ပေးတဲ့သူကို အရေးယူပေးဖို့နဲ့ လက်နက်ထုတ်ပေးသူ အရေးယူပေးဖို့ဆိုပြီးတော့ မနှစ်က ၅ မြို့နယ်မှာ ဆန္ဒပြခဲ့တယ်ပေါ့၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပုဒ်မ ၁၈ နဲ့ အရေးယူပြီးတော့ ဒီနေ့ထောင် ၆ လ ချလိုက်တာပဲ"
ကိုထင်ကျော်ကို ပြီးခဲ့တဲ့အောက်တိုဘာလက မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၆ လအမိန့်ချပြီး ဒီနေ့ တာမွေမြို့နယ်က အမိန့်ချလိုက်တာပါ။
သင်္ဃန်းကျွန်း၊ ပန်းဘဲတန်း၊ ကျောက်တံတားစတဲ့ မြို့နယ်တွေကတော့ ကိုထင်ကျော်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ပုဒ်မ ၁၈နဲ့ တရားစွဲခံထားရတဲ့ မျိုးဆက်သစ်လူငယ်များ (Generation Youth) အဖွဲ့က ကိုကျော်သူကိုလည်း ကျောက်တံတားမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၃ လ ဒါမှမဟုတ် ငွေဒဏ် တစ်သောင်းပေးဆောင်ဖို့ အမိန့်ချတဲ့အတွက် ကိုကျော်သူက ဒဏ်ငွေ ၁ သောင်း ပေးဆောင်ခဲ့တယ်လို့ သိရပါတယ်။