ဘားအံထောင်မှာ ဆူပူဆန္ဒပြမှုဖြစ်ခဲ့
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှာ ဒီကနေ့ နေ့လယ်ပိုင်းက နိုင်ငံရေးအကျဉ်းသားတစ်ဦးနဲ့ ရာဇဝတ် အကျဉ်းသား တစ်ဦးကြား အချင်းများရာကစလို့ ဆူပူဆန္ဒပြမှုဖြစ်ခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။
ဒီနေ့ စစ်တပ်ပိုင် ရုပ်မြင်သံကြားကနေလွှင့်တဲ့ သတင်းစာရှင်းလင်းပွဲကို ထောင်တွင်းမှာ ကြည့်နေတုန်း စစ်ခေါင်းဆောင်အပေါ် မတူညီတဲ့ အမြင်တွေ ပြောဆို၊ ရန်ဖြစ် စကားများကြရင်း နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာတာလို့ ထောင်နဲ့ နီးစပ်သူက RFA ကို အလွတ်သဘော ပြောပြပါတယ်။
စစ်အာဏာဆန့်ကျင်ရေး ရန်ကုန်အင်အားစုရဲ့ ဒီနေ့သတင်းထုတ်ပြန်ချက်မှာတော့ အဲဒီနိုင်ငံရေး အကျဉ်းသားကို တခြားအကျဉ်းသားတစ်စုက အကြောင်းမဲ့ ရိုက်နှက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုရိုက်နှက်ခံရတာကို ဖြေရှင်းပေးဖို့ နိုင်ငံရေး အကျဉ်းသားတွေ ဆန္ဒပြတောင်းဆိုခဲ့တာလို့လည်း ဆိုပါတယ်။
RFA က အလွတ်သဘော စကားပြောခဲ့တဲ့ ထောင်နဲ့ နီးစပ်သူတစ်ဦးကတော့ အဲဒီလို ရိုက်နှက်တာ မရှိဘူးလို့ ဆိုပါတယ်။ ထောင်အာဏာပိုင်တွေဘက်ကိုတော့ RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေဟာ စစ်အာဏာဆန့်ကျင်ရေး တေးသီချင်းတွေ၊ ကြွေးကြော်သံတွေကို ညနေပိုင်းထိ သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။
အကျဉ်းဆောင်တွေထဲ ပြန်ဝင်ဖို့ ထောင်အာဏာပိုင်တွေက သတိပေးခဲ့ပေမယ့် ပြန်မဝင်တာကြောင့် နောက်ပိုင်းမှာ ပစ်မိန့်ပေး လူစုခွဲမယ်လို့ ထောင်ပိုင်တွေက ခြိမ်းခြောက်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ဘားအံအကျဉ်းထောင်မှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅ နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အယောက် ၂ဝဝ လောက်ရှိပါတယ်။