ဒေါ်အောင်ဆန်းစုကြည် အဂတိမှုနဲ့ ထောင်ငါးနှစ် ထပ်ချခံရ

2022.04.27
ဒေါ်အောင်ဆန်းစုကြည် အဂတိမှုနဲ့ ထောင်ငါးနှစ် ထပ်ချခံရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ကကျင်းပသည့် အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေးမှာ တွေ့ရစဥ်
AFP Photo

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ ဒေါ်လာတွေ လက်ခံရယူတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဧပြီလ ၂၇ ရက် ဒီနေ့ရုံးချိန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံ လိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

မန္တလေးတိုင်းတရားသူကြီး ဦးမြင့်ဆန်းက နေပြည်တော်အထူးတရားရုံးမှာ အခုလို အမိန့် ချခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို စစ်ကောင်စီက သတင်းမီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုခွင့် ပိတ်ပင်ထားတာကြောင့် စီရင်ချက်အသေးစိတ်ကို မသိရပါဘူး။

ဒီအမှုမတိုင်ခင် ဒါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုစွပ်စွဲထားတဲ့အမှု ၁၈ ခုထဲက ငါးမှုအတွက် ထောင်ခြောက်နှစ် ချမှတ်ခံ ထားရတာပါ။ အခု အဂတိမှုအတွက် ထောင် ငါးနှစ်ထပ်ပြီးချခံ ရတာကြောင့် ဒီနေ့အထိ စုစုပေါင်း အမှုခြောက်ခု အတွက် ထောင်ဒဏ် ၁၁ နှစ်ထိ ကျခံရမှာ ဖြစ်ပါတယ်။

ဒီနေ့ချမှတ်ခံရတဲ့အမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကာလ ၂၀၁၇ ဒီဇင်ဘာလကနေ ၂၀၁၈ မတ်လ အကြားမှာ အမေရိကန်ဒေါ်လာခြောက်သိန်းနဲ့ အကယ် ဒမီရွှေ ခုနစ်ပိဿာကို ဦးဖြိုးမင်းသိန်းဆီကနေ ဒေါ်အောင်ဆန်းစုကြည်က သုံးကြိမ် ခွဲပြီးတော့ လက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားတဲ့အမှု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအမှုအတွက် ကောင်းကောင်းမွန်မွန် ခုခံထုချေနိုင်ခဲ့တဲ့ ကြားက ထောင်ဒဏ်ချမှတ်ခံလိုက်ရတာကြောင့် စစ်ကောင်စီရဲ့ တရားရေးမဏ္ဍိုင်ဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး က ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ အကောင်းဆုံး ခုခံချေပနိုင်ခဲ့ပါတယ်။ လက်ဆုပ် လက်ကိုင်ပြစရာလည်း သက်သေအဖြစ် ဘာမှမရှိခဲ့ပါဘူး။ ဒီကိစ္စမှာ ကျနော် သုံးသပ်ပြရရင်တော့ ဒါက စစ်သွေးကြွ အကြမ်းဖက် စစ်ကောင်စီ လွှမ်းမိုးနေ တဲ့ကာလမှာ တရားရေးမဏ္ဍိုင်ကို မေးခွန်းထုတ်စရာတွေ အများကြီးရှိနေပါတယ်"

ဒီအမှုမှာ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးရဲထက်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၈ ရက်နေ့ စစ်မေးခဲ့တုန်းက ဦးဖြိုးမင်းသိန်း ပေးခဲ့တယ်ဆိုတဲ့ ရွှေနဲ့ ဒေါ်လာ သက်သေခံပစ္စည်းတွေ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ သိမ်းဆည်းရမိခဲ့တာ မရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း "ရွှေနဲ့ ဒေါ်လာတွေကို ဦးဖြိုးမင်းသိန်းက သူ့ကို ပေးစရာ ဘာအကြောင်းမှ မရှိဘူး။ ယူစရာအကြောင်းလည်း မရှိဘူး။ ဒါတွေအားလုံးဟာ လက်တွေ့မမြင်ရတဲ့ စိတ်ကူးနဲ့ လုပ်ကြံဖန်တီးမှုတွေသာဖြစ်တယ်" လို့ ပြီးခဲ့တဲ့နှစ် အောက် တိုဘာလ ရုံးချိန်းတစ်ခုမှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

သာမန်ပြည်သူအများစုကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဖြိုးမင်းသိန်းဆီက လာဘ်ယူ ခဲ့တယ်ဆိုတာကို အယုံအကြည်မရှိပါဘူး။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချဖို့ ဖန်တီးတဲ့ ဇာတ်လမ်းအဖြစ် ရှုမြင်ကြပါတယ်။

ရန်ကုန်မြို့က ကိုဇင်ကိုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုစွပ်စွဲပြီး ထောင်ချ လိုက်လို့ မကျေမနပ်ဖြစ်နေပါတယ်။

"ဒါမျိုးတွေက လုံးဝမဖြစ်နိုင်တဲ့ဟာဖြစ်တဲ့အတွက် တော်တော်လေးကို ဒေါသတကြီး ဖြစ်မိတယ်။ သူ့ကို သက်သက်သိက္ခာချတာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝတစ် လျှောက်လုံးမှာ အကုန်စွန့်လွှတ်ခဲ့တာပဲရှိတာလေ။ လင်ယောကျ်ားရော၊ သားသမီး တွေရော၊ စည်းစိမ်ဥစ္စာတွေအကုန်လုံးကို စွန့်လွှတ်ပြီး တိုင်းပြည်အတွက်ပဲလုပ်ခဲ့တာ။ သူသာလိုချင်ရင် ဒီဒေါ်လာတွေ၊ ဒီပိုက်ဆံတွေဆိုတာ သူရထားတဲ့ဆုတွေနဲ့ ယှဉ်ရင် ဘာမှမှမရှိတာ”

ဦးဖြိုးမင်းသိန်းကို တရားလိုပြသက်သေအဖြစ် စစ်ဆေးတုန်းက သူဟာ ဒေါ်အောင်ဆန်း စုကြည်ကို ရွှေနဲ့ ဒေါ်လာတွေ ပေးခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

"အကြမ်းဖက်စစ်ကောင်စီ လွှမ်းမိုးနေတဲ့ကာလမှာ တရားရေးမဏ္ဍိုင်ကို မေးခွန်းထုတ်စရာတွေ အများကြီးရှိနေပါတယ်"

ဒါဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး နိုင်ငံရေးသိက္ခာမဲ့တဲ့လုပ်ရပ်လို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဟောင်းတွေက ဝေဖန်ကြပါတယ်။ ဒီကိစ္စကြောင့် ဦးဖြိုးမင်းသိန်းဟာ သမိုင်းတရားခံ ဖြစ်သွားပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က မှတ်ချက်ပေး ပါတယ်။

ဒါတွေက သေရေးရှင်ရေး အရေးကြီးလာတဲ့အခါကျတော့ ကိုယ့်ခေါင်းဆောင် တစ်ယောက်ကို တကယ် ယုံကြည်တယ်၊ လေးစားတယ်ဆိုရင် ဘယ်လောက်ကြီးပဲ နှိပ်စက်နှိပ်စက်ပေါ့။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်အရှေ့မှာ၊ တရားခွင် အရှေ့မှာ ခေါင်းလည်းမဖော်နိုင်ဘူးလေ။ သူ့ရဲ့ဂုဏ်သိက္ခာ၊ သူ့ရဲ့ဖြတ်သန်းခဲ့တဲ့ ဖြတ်သန်းမှုတွေ၊ အတွေ့အကြုံတွေကတော့ သဲထဲရေသွန်ပဲ။ အဲဒီအတွက်ကြောင့်မိုလို့ ဒီလုပ်ရပ်ကြီးကတော့ တကယ်တော့ သမိုင်းတရားခံပဲ”

ဒီအမှုဟာ ၂၀၂၁ ဇွန်လဆန်းမှာ စတင်ခဲ့တာဖြစ်ပြီး အမိန့်ချမှတ်တဲ့ ဒီနှစ် ဧပြီ ၂၇ ရက်အထိ အချိန် ၁၁ လကြာခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်ကတော့ ဒီပြစ်မှုကို ဒေါ်အောင်ဆန်းစုကြည် ကျူးလွန်ခဲ့တယ်ဆိုတာ ခိုင်ခိုင် လုံလုံ သက်သေမပြနိုင်ခဲ့တာကြောင့် ဥပဒေနဲ့ညီညွတ်တဲ့ အမိန့်တစ်ခုရဖို့ အထက်ရုံးကို အယူခံတင်ရမယ့်အမှုဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ဥပဒေရေးရာအရ ငြင်းထွက်ပြဿနာတွေ ကျနော်တို့တွေ့ရတယ်။ တစ်ဖက် ကလည်းပဲ သက်သေခံဥပဒေ ပုဒ်မ-၁၀၁ အရ ခိုင်ခိုင်လုံလုံ ခြေခြေမြစ်မြစ် ပြစ်မှုကို ဒေါ်အောင်ဆန်းစုကြည် ကျူးလွန်ခဲ့ကြောင်း ခိုင်ခိုင်လုံလုံ သက်သေပြပေးဖို့ ဆိုတဲ့ ဟာလည်းပဲ ကျေပွန်ခဲ့ခြင်းမရှိဘူးဆိုတာကို ကျနော်တို့ တွေ့ရတယ်။ နောက်တစ်ခါ သက်သေခံဥပဒေ ပုဒ်မ-၂၄ အရ ခြိမ်းခြောက်လို့၊ နှိပ်စက်ညှဥ်းပန်းလို့၊ ကတိထားလို့၊ သွေးဆောင် ဖြားယောင်းလို့ ပေးရတဲ့ သက်သေခံချက်တွေဟာ သက်သေခံ မဝင်ဘူးလို့ အတိအလင်းပြောထားပါတယ်။ ပြောရင်တော့ ဒီအမှုမျိုးက ဥပဒေနဲ့ ညီညွတ်တဲ့ အမိန့် တစ်ခုရဖို့အတွက် အယူခံတင်ရမယ့် အမှုမျိုးလို့ပဲ ပြောရမှာပေါ့”

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ၂၀၁၆ မတ် ၁၄ ရက်နေ့မှာ တွေ့ရစဉ် (Photo: AFP)
သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ၂၀၁၆ မတ် ၁၄ ရက်နေ့မှာ တွေ့ရစဉ် (Photo: AFP)

ဒီအမိန့်စီရင်ချက်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေ၊ ရာဇဝတ် ကျင့်ထုံးဥပဒေ၊ ကိုးကားတဲ့စီရင်ထုံးတွေ စတဲ့ ဥပဒေတွေ အချက်အလက်တွေနဲ့ မညီညွတ် တာတွေ ပါဝင်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဆီကို အယူခံတက်သွားဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရားစွဲ ထောင်ချမှုတွေကို ဘယ်နိုင်ငံကမှ တရားမျှတတယ်လို့ မြင်မှာမဟုတ်သလို နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ နိုင်ငံတကာဖိအားတွေ ပိုများလာနိုင်တယ်လို့ ထောက် ပြပါတယ်။

ဒီလိုမျိုးတရားစွဲဆိုမှုတွေကို ဘောင်ဝင်တယ်လို့ ဘယ်နိုင်ငံမှာမှ မြင်မှာမဟုတ်ဘူး။ အထူးသဖြင့် NLD ကို နိုင်ငံရေးအခန်းကဏ္ဍမှာ ပါဝင်ခွင့်မရှိအောင် တားဆီးမှုတွေ၊ ပိတ်ပင်မှုတွေလုပ်တယ်ဆိုတဲ့ဟာက မတရားဘူးဆိုတဲ့သဘောကို အကျိုးသက်ရောက် သွားမှာပေါ့။ အဲလိုရောက်သွားတဲ့အတွက်ကြောင့် အခုသူနောက်ပိုင်း စစ်ကောင်စီက လုပ်သမျှကောင်းတဲ့ဟာလုပ်ရင်တောင်မှ ဒီလိုမျိုးအကြောင်းအရာ၊ အကြောင်းပြချက် အချက်အလက်တွေရှိနေတဲ့အတွက်ကြောင့်မို့လို့ နောက်ပိုင်း သူတို့ကောင်းတာ ဘယ်လောက်ပဲလုပ်လုပ် အရှေ့ကဟာတွေကြောင့်မို့လို့ သူတို့ကောင်းတယ်ဆိုတဲ့ဟာ လူတွေမြင်စရာမရှိတော့ဘူးဖြစ်သွားမှာပေါ့။ အဲဒါက နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက် အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးတယ်”

ဒီနေ့ ရုံးချိန်းလာရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန် နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။ အခုအချိန် အမှုခြောက်ခုထိ အမိန့်ချမှတ်ပြီးဖြစ်တာကြောင့် နောက်ထပ် အမှုပေါင်း ၁၂ မှုနဲ့ ဆက်လက်တရားရင်ဆိုင်နေရဦးမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။