ဒေါ်အောင်ဆန်းစုကြည်အမှု လျှောက်လဲဖို့ ရက်ချိန်းပေး

ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိကြောင်း တင်ပြထားတဲ့ အထူးအယူခံအတွက် လျှောက်လဲချက် ပေးဖို့လာမဲ့ အောက်တိုဘာလ ၁၈ရက်နေ့ကို ရက်ချိန်းပေးကြောင်း ဗဟိုတရားရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။

2010.10.08
ASSK_fact_file2_AFP_305_z မြန်မာစစ်အစိုးရ၏ ရုံးတင် တရားစွဲဆိုခြင်း ခံနေရသူ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် အချက်အလက်များကို အေအက်ဖ်ပီ သတင်းဌာနက စုစည်းဖော်ပြထားပုံ ဖြစ်ပါသည်။ (Photo:AFP)
AFP

ဒီကြေညာချက်ကို ရန်ကုန် ဗဟိုတရားရုံးရှေ့ကြေငြာသင်ပုံးမှာ မနေ့က ကပ်ထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကတော့ လွန်ခဲ့တဲ့ သုံးလေးလ လောက်က တင်ထားတဲ့ အယူခံလွှာအတွက် အခုမှ ဗဟိုတရားရုံးက ကြေညာချက် ထုတ်တာ ဖြစ်တယ်လို့ဆိုပါတယ်။

အမှုကို တင်ထားတာ ကြာပြီဖြစ်ကြောင်း၊ ကြေညာချက် ကပ်ထားတယ်လို့ ကြားရတဲ့အတွက် သွားရောက်ကြည့်ရာမှာ အောက်တိုဘာလ (၇) နေ့က ကပ်ထားတာ တွေ့ခဲ့ရကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ နေအိမ် အကျယ်ချုပ် လွတ်ရက်စေ့မှာ ဖြစ်ပါတယ်။ ဒါကြောင့် တရားရုံးမှာ ထပ်ပြီးလျှောက်လဲဖို့ လိုပါသလားလို့မေးတဲ့ အခါမှာ ဦးဉာဏ်ဝင်းက-

"အယူခံတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် အချုပ်က လွတ်ဖို့ အယူခံတယ်လို့ ပြောရင် ကျနော်တို့ သဘောမတူပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအမှုမှာ လုံး၀ အပြစ်မရှိဘူးဆိုတဲ့ အချက်ကို အယူခံတာပါ။ အဲဒီတော့ ၁၃ ရက်နေ့မှာ အချုပ်က လွတ်သည် ဖြစ်စေ၊ မလွတ်သည် ဖြစ်စေ ဒီအမှု သဘောကတော့ ဆက်သွားရမှာပါ။"

လာမဲ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေ ဒေါ်ခင်ခင်ဝင်း နဲ့ ဒေါ်ဝင်းမမတို ့အတွက်လည်း ရှေ့နေတွေက အပြစ်မရှိကြောင်း လျှောက်လဲချက်ပေးမှာ ဖြစ်သလို တရားလိုဘက်ကလဲ  အပြန်အလှန် လျှောက်လဲမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ဗဟိုတရားရုံး တရားသူကြီးက အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။ ထုံးစံအရ နှစ်ဘက်ရှေ့နေများ အပြန်အလှန် လျှောက်လဲချက်ပေးအပြီး ၂ ပတ် အကြာမှာ တရားသူကြီးက အဆုံးအဖြတ်ပေးတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။