ကျောက်ဖြူ မဒေးကျွန်းသားတွေ ကို ထောင်ဒဏ်လျှော့ပေါ့


2013.10.24
ကျောက်ဖြူ၊ မဒေးကျွန်းက တရုတ်နိုင်ငံပိုင် ရေနံပိုက်လိုင်း စီမံကိန်း လုပ်ငန်းခွင်နေရာအချို့ကို တွေ့မြင်ရစဉ်
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီကို ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ထောင်ဒဏ် ၃ လစီ ချမှတ်ခံနေကြရတဲ့ ဦးထွန်းကြည်အပါအဝင် ခေါင်းဆောင် ၁၀ ဦးကို ဒီကနေ့ ကျောက်ဖြူခရိုင်တရားရုံး က ထောင်ဒဏ်တစ်လစီလျှော့ပေါ့ ချမှတ်လိုက်ပါတယ်။

ဦးထွန်းကြည်အပါအဝင် ၁၀ ဦးကို ကျောက်ဖြူမြို့နယ် တရားရုံးကနေ  ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က တရားမဝင်စီတန်း လှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လစီ အသီးသီးချမှတ်ခဲ့တာဖြစ်ပြီး အဲဒီအမှုကို အယူခံဝင်ရောက်ရာမှာ ခရိုင်တရားရုံးက အခုလို ထောင်ဒဏ်တစ်လ လျှော့လိုက်တာဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်မှာ အကောင်အထည်ဖော်နေတဲ့ တရုတ်ရေနံပိုက်လိုင်းစီမံကိန်းနဲ့ ပတ်သက်ပြီး သိမ်းဆည်းခံထားရတဲ့မြေယာလျော်ကြေးတွေကို နိုင်ငံတကာ စံချိန်စံနှုန်းအတိုင်းရရှိဖို့၊ ဒေသတွင်း ကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်းကို ကောင်းမွန်အောင်လုပ်ဆောင်ပေးဖို့၊ အလုပ်သမားကဒ် ရရှိထားတဲ့ဒေသခံတွေ အလုပ်အကိုင်ရရှိဖို့၊ လုပ်အားခတွေကို နိုင်ငံတကာစံနှုန်းအတိုင်းရရှိဖို့စတဲ့ အချက် ၉ ချက်နဲ့ ဒီနှစ် ဧပြီလ ၁၈ ရက်နေ့က မဒေးကျွန်းပေါ်မှာရှိတဲ့ CNPC ရုံးရှေ့မှာ ဒေသခံ ၄၀၀ လောက်က  ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒီအတောအတွင်း ပြည်ပချေးငွေနဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ပြောင်းရွှေ့တည်ဆောက်ခွင့်တောင်းဆိုတဲ့ နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာကို မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က ကန့်ကွက်ခဲ့ပါတယ်။

တရုတ်သွင်းကုန် ထုတ်ကုန်ဘဏ်က ချေးငွေ အမေရိကန်ဒေါ်လာ ၅၇ သန်းကျော်နဲ့ မော်လမြိုင်မြို့မှာ ၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့အစီအစဉ်ကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ပြောင်းလဲတည်ဆောက်ခွင့်ကို နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့ပြီး လွှတ်တော်ရဲ့သဘောတူညီချက် ရယူတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက အခုလို ကန့်ကွက်ဆွေးနွေးခဲ့တာပါ။

“ကျနော်တို့ ရှင်းပြပြီး၊ ချပြပြီးတဲ့ဥစ္စာကို နောက်တစ်ဖက်၊ နောက်တစ်နေရာကို ပြောင်းရွေ့သွားတယ်ဆိုရင် ကျနော်တို့ မွန်ပြည်နယ်အစိုးရနဲ့ မွန်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်များ  မျက်နှာဘယ်မှာထားရမလဲ၊ သိက္ခာဘယ်လောက်ကျသလဲ၊ ကျနော်တို့အပေါ်မှာ ပြည်နယ်အစိုးရရော၊ ပြည်ထောင်စုလွှတ်တော်မှာပါဝင်တဲ့ မွန်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးနဲ့ မွန်ပြည်နယ်အစိုးရကိုရော ပြည်သူတွေက ဘယ်လိုမြင်မလဲဆိုတာ ကိုယ်ချင်းစာပြီး စဉ်းစားပေးပါလို့ နာယကကြီးကနေတဆင့် တင်ပြလိုပါတယ်”

နိုင်ငံတော်သမ္မတ သဝဏ်လွှာကို ကန့်ကွက်သူရှိတဲ့အတွက် လွှတ်တော်ကနေ အကျိုးအကြောင်းရေးသားပြီး သမ္မတဆီ ပြန်လည်ပေးပို့ သွားမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။