ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာအမှတ် ၁၆ သေဆုံး
2020.04.08

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်က ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် (ခေါ်) Covid-19 ကူးစက်ခံရသူ လူနာအမှတ် ၁၆ ဟာ ဒီနေ့မနက်ပိုင်းက ကွယ်လွန်သွားပြီလို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ မကွေးတိုင်းဒေသကြီးက ပြည်သူတွေနဲ့ အပြန်အလှန် ဆွေးနွေးနေချိန်မှာပဲ အဲဒီသတင်းရောက်လာတာပါ။
ဆီးချို၊ သွေးချို ဝေဒနာတွေရှိတဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးဟာ ကိုယ်ခံစွမ်းအားနည်းတာကြောင့် ဒီနေ့မနက်မှာပဲ ကွယ်လွန်သွားတယ်လို့ ပြောပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံစွမ်းအားကျတာ၊ အဟာရမပြည့်တာတွေကို သတိထားကြဖို့ ပြောပါတယ်။
တစ်ယောက်ဆုံးပါးတာဟာ နိုင်ငံအတွက် ဆုံးပါးခြင်းဖြစ်ပြီး နောက်ထပ် ဒီလိုဖြစ်ရပ်မျိုး မကြုံရအောင် ဝိုင်းဝန်းပြီး ကူညီကြဖို့၊ အစိုးရိမ်မလွန်ကြဖို့၊ ဒီလိုဝမ်းနည်းစရာသတင်းတွေကို နောက်အပတ်တွေမှာလည်း ကြားလာနိုင်တာကြောင့် ပြင်ဆင်ထားရမယ်လို့လည်း ပြောသွားပါတယ်။
မတ်လ ၃၁ ရက်နေ့ကလည်း ဝေဘာဂီဆေးရုံမှာ တစ်ဦး သေဆုံးခဲ့သလို ဒီနေ့ မနက်အစောပိုင်းကလည်း ပဲခူးတိုင်း ပြည်ဆေးရုံမှာ တစ်ဦး သေဆုံးခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးသူ သုံးဦး ရှိပြီဖြစ်ပါတယ်။