ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေး စတင်ဖို့ ဆွေးနွေး
2021.01.04
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးတွေကို လာမယ့် ဖေဖော်ဝါရီလအတွင်း စတင်ထိုးနှံရေးအတွက် အမျိုးသားကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ရဲ့ အရေးကြီးအစည်းအဝေးတခုကို ဒီကနေ့ ပြုလုပ်မှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်မှာ အစိုးရကျန်းမာရေးဌာနတွေအပြင် ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍကလည်း ပါဝင်လာဖွယ်ရှိပါတယ်။
ဗြိတိန်နိုင်ငံအခြေစိုက် AstraZeneca အက်စ်ထရာ ဇန်နီကာ ဆေးကုမ္ပဏီနဲ့ အောက်စ်ဖို့တက္ကသိုလ်ပူးပေါင်း ထုတ်လုပ်တဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးကို အိန္ဒိယကုမ္ပဏီတခုက ထပ်ဆင့်ထုတ်လုပ်ပြီး ပြည်ပတင်ပို့ခွင့် ရတဲ့အခါ မြန်မာပြည်က ဒီလကုန်ပိုင်း ရရှိမယ်လို့ မျှော်လင့်ရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ အမျိုးသားကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ရဲ့ အစည်းအဝေးကို ဒီကနေ့ အွန်လိုင်းကနေပြုလုပ်တဲ့အခါ ကိုဗစ်ကာကွယ်ဆေးတွေကို ရရှိပြီးနောက် မြန်မြန်ဆန်ဆန် စတင်ထိုးနှံရေးအတွက် ဆွေးနွေးကြမယ်လို့ အကြံပေးအဖွဲ့ဝင် ဆရာဝန်ကြီး ပါမောက္ခဦးသိန်းအောင် က RFA ကိုပြောပါတယ်။
“အမေရိကလို ဖြစ်နေမှာလည်း ကျနော်တို့ကကြောက်တယ်။ ဆေးရှိရဲ့သားနဲ့ မထိုးနိုင်ဘူးဆိုတာမျိုး ဖြစ်မှာကို ကြောက်တာ။ ဘယ်လိုနည်းနာနဲ့ ဘယ်လို မြန်မြန် ထိုးမလဲဆိုတာ ကျန်းမာရေးဝန်ကြီးဌာနအောက်က ပုဂ္ဂိုလ်တွေရော ပုဂ္ဂလိကတွေရော ပူးပေါင်းလုပ်မယ်လို့တော့ ယေဘူယျ ကျနော်တို့ ဆွေးနွေးထားတယ်။ ၂ နှစ်မဟုတ်ဘဲ ၁ နှစ်အတွင်းမှာ ကာကွယ်ဆေး လွှမ်းခြုံနိုင်ဖို့က တော်တော်လေး ကောင်းလာဖို့ အလားအလာရှိတယ်။ ကျနော်တို့က လူဦးရေ ရဲ့ ၇ဝ ရာခိုင်နှုန်းလောက် အနည်းဆုံး လွှမ်းခြုံမှုရမှ အများစုက ရောဂါခံနိုင်ရည် ရှိသွားပြီဆိုတဲ့အတွက်ကြောင့် ကပ်ရောဂါအသွင်ဖြစ်ဖို့ တော်တော်လေး နည်းသွားပြီပေါ့။ ဆေးက ရပြီဆိုတာ ကျိန်းသေသွားပြီလေ၊ ဖေဖော်ဝါရီလ အစပိုင်းမှာ ရဖို့ရှိနေတော့ ကျနော်တို့ ပြင်ဆင်ဖို့က တလတောင် မရှိတော့ဘူး။”
အမေရိကန်ပြည်ထောင်စုမှာ လက်ရှိထိုးနှံနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေထက် အိန္ဒိယနဲ့ တရုတ်နိုင်ငံက ကာကွယ်ဆေးတွေကို မြန်မာပြည်က ဦးစားပေး တင်သွင်းဖွယ်ရှိပါတယ်။ သူတို့အဖွဲ့အနေနဲ့ ကာကွယ်ဆေးကို မြန်မြန်နဲ့ များများရဖို့အပြင် စိတ်ချရဖို့လည်း ထည့်သွင်းစဉ်းစားနေကြပါတယ်လို့ ဆရာဝန်ကြီး ဦးသိန်းအောင်က ပြောပါတယ်။
“အမြန်ဆုံးနဲ့ အများဆုံး ရနိုင်တဲ့ဆေး အန္တရာယ်ကင်းတဲ့ဆေးကို ဦးစားပေးဖို့ ကျနော်တို့ စဉ်းစားပါတယ်။ ဒီကိုဗစ်ရောဂါကို အမြန်ဆုံးထိန်းနိုင်ဖို့က အရေးကြီးပါတယ်။ အများဆုံး ဆိုတာကတော့ ကာကွယ်မှု များလေလေ ကပ်ရောဂါ Outbreak ဖြစ်ဖို့တော့ အခွင့်အလမ်းနည်းလေပေါ့။ နိုင်ငံကြီးတွေက ထုတ်လို့ နာမည်ကြီးတဲ့ ဆေးတွေကို ကျနော်တို့ လိုချင်တာပေါ့နော်။ ဒါပေမဲ့ တကယ် ပိုက်ဆံရှိရင်တောင်မှ များများနဲ့ မြန်မြန်ရဖို့ ခက်ခဲပါတယ်။ အိန္ဒိယဆေးကတော့ အခု အစိုးရက စာချုပ်ချုပ်ပြီးပြီ။ ထွက်တာနဲ့ ရဖို့ရှိတယ် ပိုမြန်မယ်ပေါ့။ တရုတ်ပြည်ကလဲ အခု သူတို့ဘက်က လိုအပ်သလို လုပ်ပေးမယ်ဆိုတော့ ကျနော်ထင်တယ် မရှေးမနှောင်း ဝင်လာမှာပါ။ တရုတ်အစိုးရကိုယ်တိုင်က ဒါကို emergency use အရေးပေါ်သုံးဖို့ ဆိုပြီး တာဝန်ခံပြီး သူတို့လူတွေ ထိုးတဲ့ အာမခံချက် ရှိတာပေ့ါ။ နောက်တခုက အင်ဒိုနီးရှားတို့ နိုင်ငံကြီး တော်တော်များများကလဲ သူတို့ တရုတ်ဆေးကိုပဲ သုံးတယ်။ သူတို့လဲ သိပ်အန္တရာယ်ရှိတာကို လုပ်မယ်လို့ ကျနော် မယူဆဘူး။ တရုတ်ဆေးနဲ့ ပတ်သက်တဲ့ ဈေးနှုန်းတို့ ကာကွယ်စွမ်းအားတို့ ကျနော်တို့ကိုယ်တိုင် သေသေချာချာ အပြည့်အစုံ မရသေးတော့ အခု ကျနော်တို့ ပြောဖို့ စောပါတယ်။ အန္တရာယ်ရှိမယ် ဆိုရင်တော့လည်း ကျနော်တို့ အဖွဲ့အနေနဲ့ ကိုယ့်လူတွေကို ကာကွယ်ဖို့တော့ ဦးစားပေးစဉ်းစားမှာပါ။”
ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းမှာ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍ ပါဝင်လာတဲ့အခါမှာ နိုင်ငံအများအပြားက တရားဝင် ထုတ်လုပ်ရောင်းချတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးနှံခွင့် ရလာနိုင်တယ်လို့လည်း ဆရာဝန်ကြီး ဦးသိန်းအောင် ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လက်ရှိနေထိုင်ပြီး ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို အထူးလေ့လာနေတဲ့ ဒေါက်တာတင့်ဆွေကလည်း လူသားတွေရဲ့ စိုးရိမ်ကြောက်ရွံ့မှုကို အခွင့်ကောင်းယူပြီး ကာကွယ်ဆေး၊ ကုသဆေးအတုတွေ ပေါ်ပေါက်နေတဲ့ အတွက် အထူးသတိထားကြပါလို့ တိုက်တွန်းပါတယ်။
“မြန်မာနိုင်ငံမှာရော တခြားနိုင်ငံတွေမှာပါ ဒီတနှစ်အတွင်း ကာကွယ်ဆေးလိုလို၊ ကုသဆေးလိုလိုတွေ အများကြီး ထွက်နေပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်တာတွေက လွဲလို့ တခြားဟာတွေကို မယုံကြည်ကြဖို့နဲ့ မီဒီယာတွေ အထူးသဖြင့် လူမှုမီဒီယာတွေ အနေနဲ့လည်း မမှန်တဲ့ ခိုင်လုံခြင်းမရှိတဲ့ သတင်းတွေကို မဖြန့်ကြပါနဲ့လို့ အကြံပေးပါရစေ ခင်ဗျ”
ဆရာဝန်ကြီး ဦးသိန်းအောင်က လက်ရှိမှာ တခြားကမ္ဘာ့နိုင်ငံတွေ နည်းတူ လုံခြုံစိတ်ချရမှုအတွက် အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေကို ဒီကာကွယ်ဆေးထိုးပေးဦးမှာ မဟုတ်ပေမယ့် နောက်ပိုင်းမှာ ထိုးနှံပေးနိုင်မှာ ဖြစ်ပါတယ်။ လူကြီးတွေကို လက်ရှိ ကာကွယ်ဆေးထိုးနှံရာမှာလည်း ဆေးထိုးပြီးနောက် အရေးပေါ် နောက်ဆက်တွဲ ပေါ်ပေါက်လာနိုင်မယ့် အန္တရာယ်တွေ နည်းပါးပေမယ့် ထည့်သွင်းဆွေးနွေး စီစဉ်ကြမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ပါမောက္ခ ဦးသိန်းအောင်နဲ့ ဒေါက်တာတင့်ဆွေ အပါအဝင် ကျန်းမာရေးပညာရှင်အားလုံးက မြန်မာနိုင်ငံမှာ လက်ရှိကူးစက်မှုကျဆင်းနေတဲ့အတွက် ပြည်သူတွေ ပေါ့ဆခြင်း မပြုကြဖို့ အလွန်အရေးကြီးပါတယ် လို့လည်း ထပ်တလဲလဲ သတိပေးနေကြပါတယ်။