ဖမ်းဆီးခံလူငယ်တွေ ပြန်လွှတ်ဖို့ အဖွဲ့ပေါင်း ၁၀၀ ကျော် တောင်းဆို
2018.01.15

လူငယ်တွေ တရားစွဲခံရ၊ မတရားဖမ်းဆီးထောင်ချခံနေရတာကို ကျောင်းသားလူငယ်အရပ်ဖက် အဖွဲ့ပေါင်း ၁၀၀ ကျော်က ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ကရင်နီပြည်လူငယ်များသမဂ္ဂအဖွဲ့ဝင် ၅ ဦး၊ တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့တာဝန်ခံ ၁ ဦး၊ ရိုက်တာစ် သတင်းထောက် ၂ ဦး၊ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၊ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်ဦးက ကလေးစစ်သားဟောင်း ၁ ဦး၊ စုစုပေါင်း ၉ ဦးတို့ ဖမ်းဆီးအရေးယူခံနေရတဲ့ဖြစ်ရပ်တွေကို ထောက်ပြပြီး ကန့်ကွက်ကြတာ ဖြစ်ပါတယ်။
အစိုးရနဲ့လူငယ်အဖွဲ့တွေ ပူးပေါင်းရေးဆွဲခဲ့တဲ့ လူငယ့်ရေးရာမူဝါဒကို ဇန်နဝါရီလ ၅ နေ့မှာ တရားဝင် မိတ်ဆက်ဖြန့်ချီ ခဲ့ပေမဲ့ တဘက်မှာတော့ လူငယ်တွေဟာ နိုင်ငံရေးအရ ဖိနှိပ်ခံနေရ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရပြီး၊ လူငယ်တွေရဲ့ နိုင်ငံရေးအရ လုံခြုံရေးနဲ့အခွင့်အရေးတွေကို ကာကွယ်မပေးနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဖမ်းထားတဲ့လူငယ်တွေကို အမြန်ဆုံးပြန်လွှတ်ပေးပြီး၊ လူငယ့်ရေးရာမူဝါဒရဲ့ ကတိကဝတ်တွေအတိုင်း၊ လူငယ်တွေရဲ့လုံခြုံရေး၊ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို ဖြည့်ဆည်းပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ ကြေညာချက်မှာ ပူးပေါင်းပါဝင်တဲ့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက လူငယ်သတင်းထောက် ကိုသာလွန်ဇောင်းထက် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း ထားပါတယ်။