နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးစာချုပ်မှာ အစိုးရ လက်မှတ်ရေးထိုးဖို့ တိုက်တွန်း
2016.12.17

အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ အစိုးရကို အရပ်ဘက် အဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး စာချုပ်နှစ် ၅၀ ပြည့်အခမ်းအနားမှာ ညီမျှခြင်းမြန်မာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြည်သူ့အစိုးရ အနေနဲ့ နိုင်ငံသားတိုင်းကို မခွဲခြားဘဲ ကာကွယ်ပေးတဲ့ ပင်မစာချုပ်ကို လက်မှတ်ထိုးဖို့ လိုအပ်တဲ့အတွက် တိုက်တွန်းတာဖြစ်တယ်လို့ ပြောပါတယ်။
"နိုင်ငံသားတိုင်း၊ လူတိုင်းကို ကာကွယ်ပေးဖို့လိုအပ်တဲ့ ပင်မစာချုပ်ကြီးကတော့ အပြည်ပြည်ဆိုင်ရာ နိုင်ငံ သားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးစာချုပ်ဖြစ်ပါတယ်၊ အဲ့တော့ နိုင်ငံသားတိုင်း ဘာမှခွဲခြားခြင်း မရှိဘဲနဲ့ ကျနော်တို့ ကာကွယ်မှုတွေရရှိဖို့ အသွင်ကူးပြောင်းနေတဲ့ ဒီကာလတွေမှာ ပြည်သူတွေ ကနေ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရ၊ ပြည်သူတွေကို အမှန်တကယ်ကာကွယ်ပေး တဲ့ နိုင်ငံတကာ စာချုပ်ကိုလက်မှတ်ထိုးပြီး ကမ္ဘာ့အလယ်မှာ တကယ့်ကို လူ့အခွင့်အရေးကိစ္စတွေ လုပ်ဆောင်နေပါတယ်ဆိုတာ သက်သေပြဖို့အတွက် လိုအပ်တာဖြစ်တဲ့အတွက် အခုလိုမျိုးထိုးဖို့ လိုအပ်တယ်လို့ပြောပါတယ်၊ ထိုးဖို့လည်း ကျနော်တိုက်တွန်းနေပါတယ်ခင်ဗျ"
မြန်မာနိုင်ငံဟာ နိုင်ငံတကာစာချုပ်ကြီး ၉ ခုမှာ ကလေးအခွင့်အရေးဆိုင်ရာ စာချုပ်၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ စာချုပ်နဲ့ မသန်စွမ်းအခွင့်အရေးဆိုင်ရာစာချုပ် တို့ကိုသာ လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။
နိုင်ငံတကာစာချုပ်တွေကို ဘယ်လောက်ပါဝင် လက်မှတ်ရေးထိုးတယ်ဆိုတာဟာ လူ့အခွင့်အရေးစံချိန်စံနှုန်း ဘယ်လောက်ရှိတယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဒီနေ့ အခမ်းအနားကို နိုင်ငံတကာအဖွဲ့အစည်းတချို့နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ ၅၀ ခန့် တက်ရောက်ခဲ့ပါတယ်။