ဘူးသီးတောင်၊ မောင်တောမှာ ညမထွက်အမိန့် ၃ လ သက်တမ်းတိုး
2016.06.09

Photo: Min Thein Aung
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ် နှစ်ခုမှာ ည ၁၁ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို သက်တမ်း ၃ လ တိုးမြှင့်ထုတ်ပြန်လိုက်ပါတယ်။
မနေ့က မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ မြို့ကိုလှည့်လည်ကြေညာခဲ့တယ်လို့ ဘူးသီးတောင်မြို့ခံ ဦးမောင်ဝင်းနိုင်က ပြောပါတယ်။
"မနေ့က ၄ နာရီလောက်က ကျနော်တို့နေတဲ့ရပ်ကွက်မှာ မယက က ထုတ်ထားတဲ့ကြေညာချက်ပေါ့၊ ပုဒ်မ ၁၄၄ ည ၁၁ နာရီကနေ မနက် ၄ နာရီအထိပေါ့ လူငါးဦးထက်ပိုမစုရဆိုတဲ့ ကြေညာချက်ဖြစ်ပါတယ်"
ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မြို့နယ်ပေါင်း ၁၀ ခုကျော်မှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ရပါတယ်။
တခြားမြို့နယ်တွေမှာ အဲ့ဒီအမိန့်ကို အစိုးရက ပြန်လည်ရုပ်သိမ်းပြီးဖြစ်ပေမယ့် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် ၂ ခုမှာ တည်ငြိမ်အေးချမ်းမှု နည်းနေသေးတယ်ဆိုပြီး မရုပ်သိမ်းသေးဘဲ ၃ လ တစ်ကြိမ်စီ သက်တမ်း တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။