အမ်းမြို့မှာ ညမထွက်ရအမိန့် သက်တမ်းထပ်တိုး
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ထုတ်ပြန်ထားတဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ - ၁၄၄ ညမထွက်ရအမိန့်ကို မတ်လ ၂ ရက်နေ့ ဒီနေ့က စပြီး နောက်ထပ် သက်တမ်းနှစ်လ ထပ်မံ တိုးမြှင့်လိုက်ကြောင်း စစ်ကောင်စီရဲ့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
အမ်းမြို့နယ်မှာ ညအထွက်ရအမိန့် ထုတ်ပြန်ထားတာ အချိန် သုံးနှစ်ကျော်ရှိနေပြီး ဒေသခံတွေကလည်း သွားလာရေး အခက်အခဲ ဖြစ်နေကြတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ အမ်းမြို့နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲစဖြစ် ကတည်းက ညမထွက်ရအမိန့် ထုတ်ထားတာ။ အခု တိုက်ပွဲတွေမဖြစ်တော့ရင်လည်း မရုပ်သိမ်းဘူး။ နှစ်လတစ်ကြိမ် အမြဲ သက်တမ်းတိုးတယ်။ အခုလို ညမထွက်ရတော့ ကျန်းမာရေးကိစ္စတွေ၊ ပြည်မနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ အများကြီး အခက်အခဲ ဖြစ်နေတာပေါ့”
ဒီအမိန့်ကို စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်တာပါ။
ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရား ဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာကြောင့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် တွေ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိကြပြီး နိုင်ငံပိုင်အဆောက်အအုံတွေ၊ ယာဉ်တွေ ပျက်စီး ခဲ့ရသလို အဲဒီဖြစ်စဉ်တွေမှာ ဒေသခံပြည်သူတွေလည်း ထိခိုက်မှုတွေရှိခဲ့တာကြောင့် ညအချိန် လွတ်လပ်စွာ သွားလာခွင့်ပြုရင် အဲဒီလိုဖြစ်စဉ်တွေ ထပ်မံဖြစ်ပွားနိုင်တယ်ဆိုပြီး အဲဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အဲဒီလိုပဲ မြောက်ဦး၊ မင်းပြား၊ ကျောက်တော် စတဲ့ မြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကစလို့ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
အခုလို ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ညမထွက်ရအမိန့်တွေ သက်တမ်းတိုးတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစပြီး အချိန် နှစ်နှစ်ကျော်ကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့လို့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စတဲ့မြို့တွေအပါအဝင် မြို့ ကိုးမြို့မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။