အကောက်ခွန်အရာရှိတချို့ကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်
2018.07.17
အကောက်ခွန်ဦးစီးဌာနက အရာရှိတချို့ အပါအဝင် ၁၂ ဦး ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းတွေဟာ မော်တော် ယာဉ် တင်သွင်းတဲ့လုပ်ငန်းတွေမှာ အဂတိလိုက်စားမှုတွေရှိနေတယ်ဆိုပြီး ကော်မရှင်ကို တိုင်ကြားထားတဲ့ အတွက် ကော်မရှင်က အဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာလို့ သတင်းထုတ်ပြန်တာဖြစ်ပါ တယ်။ ကော်မရှင်ကို တိုင်ကြားထားတဲ့အမှုတွေ ရှိနေပေမယ့် ထုတ်ဖော်ပြောဆိုလို့မရကြောင်းနဲ့ အကောက်ခွန်ဝန်ထမ်းတွေကိစ္စနဲ့ ပတ်သက်ပြီး ကော်မရှင်ဘက်အပိုင်းက ဆောင်ရွက်ချက်တွေ ပြီးသွားပြီဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ဘက်က ဆက်ပြီး ဆောင်ရွက်ရမယ့်အပိုင်းတွေသာ ကျန်ရှိတော့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က သတင်းပြန်ကြားရေးတာဝန်ခံ ဦးဟန်ညွန့် က RFA ကို ပြောပါတယ်။
တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေကို ဆိပ်ကမ်းကနေ ထုတ်ယူရာမှာ အကောက်ခွန်ဦးစီးဌာနက ဝန်ထမ်းတွေ ဟာ အဆင့်ဆင့် အဂတိလိုက်စားထားတာတွေ တွေ့ရှိရတာကြောင့် ဦးစီးအရာရှိ၊ အကောက်ခွန်မှူး၊ ဒုတိယ အကောက်ခွန်မှူး၊ လက်ထောက် အကောက်ခွန်မှူး၊ ဒု လက်ထောက် အကောက်ခွန်မှူး စုစုပေါင်း ၇ ယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အမှုဖွင့်ထားတယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီလိုမော်တော်ယာဉ်တွေ ဆိပ်ကမ်းကနေ ထုတ်ယူတဲ့နေရာမှာ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်ဝန်ထမ်းတွေ က ငွေကြေးတွေ လက်ခံရယူခဲ့တာတွေကို ကွင်းဆင်းစစ်ဆေးတာ၊ အရေးယူ ဆောင်ရွက်တာမရှိဘဲ အဲဒီ မော်တော်ယာဉ်တွေ ထုတ်ယူနိုင်ဖို့ ခွင့်ပြုခဲ့တာတွေဟာ လက်အောက်ဝန်ထမ်းတွေက အဂတိလိုက်စားမှုတွေ အပေါ် ပူးပေါင်း ကြံစည် အားပေးကူညီတာဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး နဲ့ ဦးစီးအရာရှိ စုစုပေါင်း ၅ ယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ အရ အမှုဖွင့်ထား တာလည်း ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ သီလဝါ နယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။