မုန်တိုင်းရှောင် ဒုက္ခသည်တွေကို မူရင်းနေရာတွေဆီ ပြန်ရွှေ့


2013.05.17
cyclon-refugee-back-305.jpg ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မုန်တိုင်းရှောင် ဒုက္ခသည်များကို မူလနေရာကို ပြန်လည်ရွေ့ပြောင်းနေပုံ
photo: RFA/ Moe Thu Aung

ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်မယ့် မဟာစင် လေမုန်တိုင်းဟာ မနေ့ကတည်းက ပျက်ပြယ်သွားပြီဖြစ်တဲ့အတွက် ပြည်နယ်အတွင်းက မုန်တိုင်းရှောင် ဒုက္ခသည်တွေ အပါအဝင် ဒေသခံတွေကို ဒီကနေ့မနက်ကစတင်ပြီး မူလနေရာအသီးသီးကို ပြန်လည်ရွှေ့ပြောင်းပေးနေပြီလို့ သိရပါတယ်။

စစ်တွေမြို့နယ်အတွင်းက ဒုက္ခသည်တွေကို ပြန်လည်ရွေ့ပြောင်းပေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။

“တဲလေးတွေရှိတဲ့ စခန်းလေးတွေကို ဦးစားပေးပြီးရွေ့တယ်၊ အခုရွေ့ထားတဲ့စခန်း ၅ ခုစလုံးပေါ့၊ အဲဒီကလူတွေကို သူ့မူလရှိတဲ့ တဲလေးတွေရှိတဲ့နေရာကို ခဏယာယီပြန်ရွေ့ပေးတယ်၊ ဆောက်ပြီးတဲ့ တဲလေးတွေမှာကျတော့ တချို့ကအဲမှာဆက်နေတယ်၊ တချို့ကျတော့လည်း မူလရွက်ဖျင်တဲလေးတွေ ဆီမှာ ပြန်ပြီးတော့ပို့တဲ့ အပိုင်းလေးတွေရှိတယ်”

အခုလို ဒုက္ခသည်တွေအပြင် ပင်လယ်ကမ်းစပ်နဲ့ နီးတဲ့ကျေးရွာတွေက ဒေသခံတွေကိုလည်း ပြည်နယ်အစိုးရ အစီအစဉ်နဲ့ မူလနေရာအသီးသီးကို ပြောင်းရွှေ့ပေးတာမျိုးရှိသလို မိမိတို့ရဲ့အစီအစဉ်နဲ့ ပြောင်းရွှေ့သွားကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။

ရခိုင်ကမ်းရိုးတန်းဒေသကို မဟာစင် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်လာနိုင်တဲ့အတွက် ရခိုင်ပြည်နယ်အစိုးရက ရခိုင်ပြည်နယ်အတွင်း ပင်လယ်ကမ်းစပ်တွေအပြင် မြစ်ချောင်းတွေနဲ့နီးတဲ့ မြို့နယ် ၁၃ မြို့နယ်က ဒေသခံတစ်သိန်းကျော်ကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။