မုန်တိုင်းဘေးရှောင်ဖို့ ငြင်းဆန်နေ သူတွေကို အရေးယူတော့မည်
2013.05.15

ရခိုင်ကမ်းရိုးတန်းဒေသကို တိုက်ခတ်ဖွယ်ရှိတဲ့ မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဘေးအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ အစိုးရကဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေ ရာမှာ မလိုက်နာသူတွေရှိခဲ့ရင် ဥပဒေအရ အရေးယူ သွားမယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီကနေ့သတိပေး ပြောကြားလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ မုန်တိုင်းကာကွယ်ရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့တာပါ။
အစိုးရက မုန်တိုင်းကာကွယ်ရေး ကော်မတီဖွဲ့စည်း ပြီး ဆောင်ရွက်နေရာမှာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ဥက္ကဌအဖြစ် ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန် ထားပါတယ်။
မုန်တိုင်းဒဏ်ခံရဖွယ်ရှိတဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်း အတော်များများကို အစိုးရက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေရာမှာ မပြောင်းလိုပဲ ငြင်းဆန်နေသူ မူဆလင်ဒုက္ခသည် အတော်များများရှိနေပြီး အဲဒီလိုမပြောင်းရွှေ့လိုပဲ ငြင်းဆန်နေတာဟာ မူလနေရာကိုပြန်မရမှာ စိုးရိမ်တာတွေအပြင်၊ လုံခြုံရေးကြောင့်လည်း မပြောင်းလိုသူတွေရှိတယ်လို့ သိရပါတယ်။
အစိုးရအဖွဲ့နဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွေကတော့ မုန်တိုင်းကြောင့် ဆုံးရံှုးမှုမများအောင်၊ အသေအပျောက် အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး လုံခြုံရေးအတွက် အပြည့်အ၀ တာဝန်ယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ မင်းပြားစတဲ့ မြို့နယ်တွေကို မုန်တိုင်းအန္တရာယ်အရှိဆုံး မြို့နယ်တွေအဖြစ် ယူဆထားပြီး ကျောက်ဖြူ၊ သံတွဲ၊ ပေါက်တော၊ မြောက်ဦး စတဲ့ နီးစပ်ရာမြို့တွေမှာလည်း မုန်တိုင်းအရှိန်သက်ရောက်မှုရှိနိုင်တယ်လို့ သိရပါတယ်။ လောလောဆယ်အထိ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည် အိမ်ထောင်စု နှစ်သောင်းနီးပါးကို နေရာရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။
မဟာစင် လေမုန်တိုင်းနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ပြုလုပ်တဲ့ အစိုးရဝန်ကြီးတွေရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်သတင်းရယူခဲ့တဲ့ RFA သတင်းထောက် မဇင်မာဝင်းရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။