ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် မဝတ်ရည်အောင် ကျန်းမာရေးစိုးရိမ်ရ

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ ပုဒ်မ - ၅၀၅ (က)နဲ့ ထောင်သုံးနှစ် ချခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က RFA ကို ပြောပါတယ်။

ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် မဝတ်ရည်အောင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ ပုဒ်မ - ၅၀၅ (က)နဲ့ ထောင်သုံးနှစ် ချခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင် ဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က RFA ကို ပြောပါတယ်။

"သူ့ကျန်းမာရေးအခြေအနေ တော်တော်ဆိုးနေတယ်။ အခုမှတော့မဟုတ်ဘူး။ အရင်ကတည်းက ကျန်းမာရေး အားနည်းတဲ့အပိုင်းတွေ ရှိပါတယ်။ အကျဉ်းထောင်ထဲ ရောက်ပြီး နောက်ပိုင်းမှာလည်း မကြာခဏ သတိလစ်တာ။ လေဖြန်းတာတွေ ဖြစ်နေတယ်။ အဲဒီအချိန်ကတည်းက ထောင်ထဲမှာ ကုသမှုတွေက မလုံလောက်ဘူး။ အပြင်ဆေးရုံတွေမှာ ကုသမှုလိုတယ်ဆိုပြီး မိသားစုဝင်တွေက တောက်လျှောက် တောင်းဆိုခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ အခုချိန်ထိကို ပြင်ပမှာ ဆေးကုသခွင့်က မရသေးဘူး"

မဝတ်ရည်အောင်ဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က သမဂ္ဂကျောင်းသားတွေ ဖြစ်တဲ့ ကိုစည်သူအောင်တင်၊ ကိုရဲလင်းဦး၊ မသဉ္ဇာဇော်၊ ကိုမြင့်သိန်းနိုင်၊ ကိုနေထက်လင်း တို့နဲ့အတူ ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် အင်းစိန်ထောင်မှာ ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှာ ဒိုက်ဦး အကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရသလို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာတော့ အင်းစိန်ထောင်ထံ ပြန်လည် ပြောင်းရွှေ့ခံထားရတာပါ။

အင်းစိန်ထောင်ပြန်ရောက်ပြီး နောက်ပိုင်းမှာ သတိလစ် မေ့မြောသွားတာ သုံးကြိမ်ရှိပြီး တစ်ခါသတိလစ်ရင် ၁၄ နာရီခန့်အထိ ကြာမြင့်လေ့ရှိတာကြောင့် ဆေးရုံကို ပို့ပေးဖို့ အခြား အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေက တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရပြီး သုံးလအတွင်း လေဖြန်းသွားတဲ့အတွက် ထောင်ဆေးရုံ တင်ထားခဲ့ရသလို စစ်ကြောရေးမှာ နှိပ်စက်ခံရမှုကြောင့် ဦးနှောက်မှာ အကျိတ်တည်နေတယ်လို့ ယူဆရကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဒီနေ့ သတင်းထုတ်ပြန် ထားပါတယ်။

မဝတ်ရည်အောင်ဟာ ၂၀၂၀ ပြည့်နှစ် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အထွေထွေ ရွေးကောက်ပွဲမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။

ကိုဗစ် - ၁၉ ကပ်ရောဂါ ကာလအတွင်းမှာလည်း စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ရန်ကုန်မှာရှိတဲ့ ကွာရန်တင်းစင်တာ (Q Center) တွေအပြင် ရခိုင်ပြည်နယ်အထိ သွားရောက် တာဝန် ထမ်းဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မဝတ်ရည်အောင် အပါအဝင် စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ ကျောင်းသား ပြည်သူတွေဟာ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်နေတဲ့ စစ်ကြောရေးမှာ စိတ်ကျန်းမာရေး ဆိုးရွားမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေ ရနေတယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံက အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအမှုနဲ့ ထောင်ကျ ခံနေရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၄၀ ကျော်ရှိနေပြီး စာရင်း မကောက်နိုင်တဲ့ အရေအတွက်လည်း ရှိနိုင်တာကြောင့် ဒီထက်လည်း ပိုများနိုင်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org