မံစီမှာ ကြွက်ဘေးကြောင့် စပါးခင်းတွေပျက်စီး
မံစီမြို့နယ်အတွင်းမှာရှိတဲ့ ရွာတချို့က တောင်ယာစပါးခင်းတွေကို ဇွန်လလယ်ကစပြီး နေ့စဉ်ဆိုသလို ကြွက်တွေဝင်ရောက် ဖျက်ဆီးနေတာကြောင့် စပါးခင်း ဧကနှစ်ရာကျော် ပျက်စီးသွားပါတယ်။
-
RFA Burmese
2024-07-16 -
-
-
ကချင်ပြည်နယ် မံစီမြို့နယ်အတွင်းမှာရှိတဲ့ ရွာတချို့က တောင်ယာစပါးခင်းတွေကို ဇွန်လလယ်ကစပြီး နေ့စဉ်ဆိုသလို ကြွက်တွေဝင်ရောက် ဖျက်ဆီးနေတာကြောင့် စပါးခင်း ဧကနှစ်ရာကျော် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၁၇ ရက် ဒီနေ့မှာ ပြောပါတယ်။
မံစီမြို့နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ဒေသဖြစ်တဲ့ မိုင်းကုန်၊ အောင်နမ်၊ ဝထန်၊ လုံခတ်၊ ဘန်လွန် စတဲ့ရွာတွေ အပါအဝင် ရွာရှစ်ရွာလောက်က စပါးခင်းတွေ ဖျက်ဆီးခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စပါးခင်းအားလုံးဆိုရင် ခန့်မှန်းဧကနှစ်ရာကျော်လောက်တော့ရှိမယ်။ အခုက အားလုံးပျက်စီးသွားပြီ။ ပျက်စီးလို့ ပြန်ကြဲထားတဲ့ စပါးတွေလည်း ပြန်ဖျက်ဆီးခံရတယ်။ ဒီပုံစံအတိုင်းဆို နောက်နှစ်စားမယ့် ဆန်ရှိတော့မှာ မဟုတ်ဘူး။ နောက်နှစ်တော့ တော်တော်ခက်ခဲတော့မယ်”
စပါးခင်းတွေအပြင် ဟင်းသီးဟင်းရွက် စိုက်ခင်းတွေပါ ဖျက်ဆီးခံရတာကြောင့် ဒေသခံတွေအတွက် အစားအစာ အရင်ထက် ရှားပါးလာနိုင်တယ်လို့ သူက ပြောပါတယ်။
စပါးခင်းတွေ ဖျက်ဆီးခံရတဲ့ အောင်နမ်ရွာမှာ ဆိုရင်လည်း မံစီမြို့ပေါ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ အိမ်ထောင်စု လေးဆယ်ခန့် အဲဒီရွာအနီးတစ်၀ိုက်မှာ တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်နေကြပြီး သူတို့ရဲ့ စိုက်ခင်းတွေလည်း ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။
KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ အခုအခြေအနေကို အသေးစိတ် မသိရသေးတာကြောင့် ဆက်ပြီးစုံစမ်းနေတယ်လို့ RFA ကို ပြောပါတယ်။
၂၀၂၂ ခုနှစ်တုန်းကလည်း ကချင်ပြည်နယ် ဆွမ်ပရာဘွမ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေက စပါးတောင်ယာတွေကို ကြွက်တွေ ဖျက်ဆီးခဲ့တာကြောင့် ရွာရှစ်ဆယ်ကျော်က အိမ်ထောင်စု တစ်ထောင်ကျော်ရဲ့ စပါးခင်းတွေ ပျက်စီးခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို ကချင်ဘာသာနဲ့ ယူလီခူး (Yuli Hku) လို့ခေါ်ပြီး “ကြွက်အန္တရာယ်ကြောင့် အစာရေစာ ခေါင်းပါးခြင်း" တစ်နည်း အားဖြင့် "ကြွက်ကပ်ဘေး” လို့ အဓိပ္ပာယ်ရပါတယ်။
၁၉၇၇ ခုနှစ်ကလည်း ကချင်ပြည်နယ်မှာ စားစရာမရှိတော့အောင်အထိ ဒီလိုဘ ကြွက်ဘေးကြုံခဲ့ပြီး အစားအစာ ငတ်မွတ်မှု (ယူလီခူး) ဖြစ်ခဲ့လို့ ဒေသခံလေးရာကျော် သေဆုံးခဲ့သလို အိမ်ထောင်စု တစ်ထောင်ဝန်းကျင် မြို့တွေဘက်ကို ပြောင်းသွားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။