စိုက်ခင်းတွေကို ကြွက်တွေ ဖျက်ဆီး

ကချင်ပြည်နယ် ဗန်းမော်မြို့မြောက်ဘက် ဆင်ဘိုမြို့နယ်အတွင်းမှာ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းကနေ အနောက်ဘက်ကို ကြွက်တွေ အများအပြား ကူးလာပြီး စိုက်ခင်းတွေ ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

2012.08.21

ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ ဆင်ဘိုမြို့၊ မြင်သာရွာနဲ့ မြစ်ကမ်းဘေးရှိ ကျေးရွာတွေမှာ လွန်ခဲ့တဲ့ လေးငါးရက်ကနေ စတင်ပြီးတော့ အရှေ့ဘက်ကမ်းကနေ ကြွက်တွေ ညအချိန် ကူးလာတဲ့အကြောင်း ဆင်ဘိုမြို့ခံ တစ်ယောက်က အခုလိုပြောပါတယ်။

"ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်း ကျေးရွာတွေပေါ့။ ရွာဆက်လေးတွေပဲလေ။ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကနေ ဆင်းလာတာလား၊ ဒါမှမဟုတ် မြစ်ကြောင်းအတိုင်း ဆင်းလာတာလား မသိတဲ့ ကြွက်အုပ်ကြီး တစ်အုပ်ကနေ လွန်ခဲ့တဲ့ ၅ ရက်လောက် ကနေ ဆင်ဘိုမှာ ကူးနေတာ အကောင်ကို ထောင်ပေါင်း မနည်းတော့ဘူး။ ရေတွက်နိုင်ခြင်း မရှိဘူးပေါ့။ ကြွက်တွေက နဲနဲနောနောတော့ မဟုတ်ဘူး။ အများကြီးပဲ။ အရွယ်အစားကတော့ အိမ်ကြွက်တွေပါပဲ။ ဝမ်းဗိုက်ဖြူတွေနဲ့ ကျွန်တော်တို့ ဆင်ဘိုရယ်၊ မြင်သာရယ်၊ ရေနားပင်လုံ ရယ်ဆိုတဲ့ဟာက အနည်းဆုံး ၅ မိုင် ပတ်လည်လောက်ရှိတဲ့ အဲဒီ နယ်နိမိတ် အကျယ်အဝန်းကို တစ်နေရာတည်း မဟုတ်ဘဲ ဖြန့်ကူးနေတဲ့ သဘောဆိုတော့ တစ်အုပ်ကို ဘယ်လောက်ဆိုတာ ခန့်မှန်းရ ခက်တယ်ဗျ"

အခုအခါ အဲဒီကြွက်တွေက မြစ်ကမ်းကနေ ကုန်းပေါ်အထိ တက်နေပြီး ဒေသခံတွေက ရိုက်နှက်သုတ်သင်လို့ သေဆုံးတာတွေ ရှိပေမဲ့ အကောင်ရေ များလွန်းတာကြောင့် ဘယ်လိုမှ မသုတ်သင်နိုင်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် အဲဒီကြွက်တွေက ဆင်ဘိုမြို့နယ် ဝဲကြီးကျေးရွာက စိုက်ပျိုးထားတဲ့ ပြောင်းခင်းတွေကို ဝင်ရောက် ဖျက်ဆီးတဲ့အကြောင်း သူက ဆက်ပြောပြပါတယ်။

"ဝဲကြီးမှာ ပြောင်းခင်းတွေ ပျမ်းမျှခြင်း ဧက ၅၀ ဝန်းကျင်ရှိမယ်။ အခု ဖျက်ဆီးခံရတဲ့ အနေအထားက အခု ရေနားပင်လုံဘက်လည်း ဖျက်ဆီးခံရတယ် ဆိုတာတော့ ကြားထားတယ်။ သို့သော်လည်း ဘယ်လောက် ဆိုတာတော့ မသိသေးဘူး။ ဆင်ဘိုလည်း စနေပြီ။ နောက်ထပ် ၂ ရက် ၃ ရက်ဆိုရင် ဒီမှာစိုက်ထားတဲ့ သီးနှံတွေ ဖျက်ဆီးခံရပြီ ဆိုတာတော့ သေချာသလောက် ရှိတယ်။ အခုက ကြွက်တွေက တအား သောင်းကြမ်းနေပြီ ဆိုတဲ့သဘောပေါ့။ မနေ့က ညတင်ကို ပြောင်းခင်းတစ်ခင်းက ရိုက်သတ်လိုက်တာ ခြင်းနဲ့တလုံးရတယ်တဲ့။ ပြောင်းခင်းက ၃ ပုံ ၂ ပုံလောက်တော့ ပျက်သွားပြီ။ ဒါပေမဲ့ နောက် ၂ ရက်လောက်ဆိုရင် အကုန်ကုန်မယ်လို့တော့ ခန့်မှန်းတယ်။ လယ်တွေ ဘာတွေထိတော့ မရောက်သေးဘူး။ မြစ်ကမ်းနဘေး စိုက်ခင်းတွေပေါ့။ ယာခင်းတွေ၊ ပြောင်းခင်းတွေ၊ ဘာတွေ၊ မိုးသီးနှံတွေတော့ ပျက်စီးနေပြီ"

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFAက သက်ဆိုင်ရာ အာဏာပိုင်တွေထံ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဖုန်းလိုင်း အခက်အခဲကြာင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဆင်ဘိုမြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေကတော့ ကြွက်တွေကို ရိုက်သတ်ပြီး ရေထဲမျော မပစ်ပဲ မီးရှို့ပြီး မြေမြှုပ်ပစ်ဖို့ လောလောဆယ် ညွန်ကြားထားတယ်လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။