ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှုအသစ် ငါးမှုအတွက် ရှေ့နေလိုက်ခွင့်တင်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နောက်တိုးစွဲဆိုထားတဲ့ အဂတိအမှု အသစ် ငါးမှုအတွက် သူ့ရဲ့အကျိုးဆောင်ရှေ့တွေက နေပြည်တော်က အထူး တရားရုံးမှာ ဒီနေ့ ရှေ့နေလိုက်ခွင့် ပါဝါတင်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဲဒီ အမှုငါးမှုဟာ ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတ ဦးဝင်းမြင့်ကိုပါ ပူးတွဲစွဲဆိုထားတဲ့ အမှုတွေ ဖြစ်ပါတယ်။
အမှုငါးမှုထဲက နှစ်မှုကတော့ NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ ရဟတ်ယာဉ် အသစ်တစ်စီး ဝယ်ယူတဲ့ ကိစ္စတွေနဲ့ ပတ်သက်တဲ့အမှုတွေ ဖြစ်ပါတယ်။
ကျန်သုံးမှုကတော့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းတွေဆောင်ရွက်ဖို့ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ ရဟတ်ယာဉ် ငှားရမ်းအသုံးပြုတာနဲ့ သက်ဆိုင်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို အရင်စွဲဆိုထားတဲ့ အဂတိငါးမှုထဲက လေးမှုအတွက် တရားလိုပြ သက်သေတစ်ယောက်ကို စစ်ဆေးဖို့ ရှိနေပေမယ့် သက်သေမလာတာကြောင့် နောက်တစ်ပတ်ကို ရုံးချိန်းပြန်ချိန်းလိုက်ပါတယ်။
ဒီအမှုတွေ အားလုံးကို နောက်တစ်ပတ် သောကြာနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ စစ်ဆေးဖို့ နေပြည်တော် အထူးတရားရုံးက ချိန်းဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေ ပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၆ ခုနဲ့ တရားစွဲခံထားရပါ။
အဲဒီ ၁၆ မှုထဲက အမှု ငါးမှုအတွက် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရထားရပါတယ်။
ဒါ့အပြင် နောက်ထပ်လည်း ရွေးကောက်ပွဲ မဲမသမာမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီက ထပ်မံတရားစွဲဆိုဖို့ စီစဉ်နေပါတယ်။
ဒီအမှုအားလုံးအတွက် ဥပဒေမှာ ပြဌာန်းထားတဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကို ချမှတ်ခဲ့မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စုစုပေါင်း ထောင်ဒဏ် နှစ် ၁၆၀ ကျော်အထိ ကျခံရဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေနဲ့ ရှေ့နေတွေက ပြောပါတယ်။