ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖြန် လူကိုယ်တိုင် ရုံးထုတ်စစ်မည်

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၂၄ ရက်နေ့ မနက်ဖြန်မှာ ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးပါမယ်။
နိုင်ငံတော် တရားရုံးချုပ်ရဲ့ ညွှန်ကြားချက်အရ အထူးတရားရုံးတစ်ရုံးဖွဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာလို့ အမှုလိုက်ရှေ့နေ ဦးခင်မောင်ဇော်က RFA ကို ပြောပါတယ်။
အဲဒီအထူးတရားရုံးဟာ နေပြည်တော် ဇဗ္မူသီရိမြို့နယ် ဇေယျာသိဒ္ဒိရပ်ကွက်က မြနန်းဘုံသာလမ်းနား မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်နားမှာလို့လည်း ရှေ့နေက ပြောပါတယ်။
အဲဒီလို လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးချိန်မှာ ရှေ့နေတွေနဲ့ သီးသန့်တွေ့ခွင့်ပေးတောင်းထားပေမယ့် ပေးတွေ့၊ မတွေ့ဆိုတာ မသိရသေးဘူးလို့ ဦးခင်မောင်ဇော်က ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်မှာ ကျန်းကျန်းမာမာရှိပြီး မကြာခင် လူကိုယ်တိုင် တရားရုံးမှာ လာရောက်ထွက်ဆိုလိမ့်မယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ် အစိုးရပိုင် Phoenix ရုပ်သံ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲချက်အမျိုးမျိုးနဲ့ တစ်မှုပြီး တစ်မှု ထပ်တိုးတရားစွဲလာတာဖြစ်ပြီး နေပြည်တော်မှာ စွပ်စွဲခံထားရတဲ့ အမှု ၅ မှုနဲ့ ရန်ကုန်မှာ ၁ မှု ရှိတယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှုတွေကတော့ လိုင်စင်မဲ့ Walkie-talkie လမ်းလျှောက်စကား ပြောစက် လက်ဝယ်တွေ့ရှိမှု၊ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်စည်းကမ်းတွေ ဖောက်ဖျက်မှု၊ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှု၊ အများပြည်သူ မငြိမ်မသက်ဖြစ်အောင်ကြံရွယ်မှုနဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေတို့ ဖြစ်ပါတယ်။
အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဟာ ထောင်ဒဏ်ဆယ့်လေးနှစ်ထိ ချမှတ်နိုင်ပါတယ်။