ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေး ပြန်လည်လွတ်မြောက်လာ

စစ်တွေထောင်မှာ အကျဉ်းကျနေတဲ့ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးဟာ ဧပြီလ ၁၇ ရက်မှာ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးအား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က စစ်တွေမြို့မှ ဆန်ပြဿနာနေ့ အခမ်းအနားတွင် တွေ့ရစဉ်။ ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂ

ရခိုင်ပြည်နယ် စစ်တွေထောင်မှာ အကျဉ်းကျနေတဲ့ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးဟာ ဧပြီလ ၁၇ ရက် ဒီနေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်တွေအကျဉ်းထောင်က အကျဉ်းသား ၃၇ ဦး ပြန်လည်လွတ်မြောက်ခဲ့ပြီး အဲဒီအထဲမှာ ဒေါ်ညိုအေးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းမှာ လွတ်မြောက်လာပြီး မိသားစုနဲ့အတူရှိနေကြောင်း ဒေါ်ညိုအေးရဲ့ သမီးဖြစ်သူ ဒေါ်မြသန္တာက RFA ကို ပြောပါတယ်။

“လွတ်ငြိမ်းချမ်းသာနဲ့ တရားသေ လွှတ်ပေးလိုက်တာပါ။ အခု မိသားစုဝင်တွေနဲ့အတူ ရှိနေပါတယ်”

ဒေါ်ညိုအေးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က ကျရောက်တဲ့ ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်ခဲ့ပြီး အဲဒီအခမ်းအနားမှာ သူမ ကြုံတွေ့ခဲ့ရတာကို ပြန်လည် မျှဝေခဲ့လို့ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။

အဲဒီနောက် ရှစ်လကြာ တရားရင်ဆိုင်ပြီး ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ စစ်တွေမြို့နယ် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မှ ၅၀၅ (ခ)နဲ့ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတစ်ဝန်းက အကျဉ်းသူ၊ အကျဉ်းသား ၃၃၀၃ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးတယ်လို့ ကြေညာထားပြီး လက်ရှိအချိန်အထိ ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org