လားရှိုးစစ်ကြောရေးမှာ ဖမ်းဆီးခံထားရသူတချို့ ပြန်လွတ်လာ
2024.07.24

လားရှိုးမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ - ၄၁ တပ်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဇူလိုင်လ ၂၁ ရက်နေ့ မှာ သိမ်းပိုက်ပြီးနောက် စစ်ကြောရေးစခန်းမှာ ဖမ်းဆီးခံရသူတချို့ ဇူလိုင်လ ၂၃ ရက် မနေ့ ညနေပိုင်းမှာ ပြန်လွတ်လာတယ်လို့ လားရှိုးဒေသခံတွေက ပြောပါတယ်။
မနေ့က ပြန်လွတ်လာတဲ့ သူတွေမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကတည်းက ဖမ်းဆီးခံထားရတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး၊ အမျိုးသား သုံးဦး စုစုပေါင်းလေးဦး ပါဝင်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က လက်နက်အမှုနဲ့ အဖမ်းခံထားရတာ။ အသက်မသေဘဲ ပြန်လွတ်လာတာကို ဝမ်းသာနေရပြီ”
တခြားနိုင်ငံရေး အမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရသူတွေလည်း ပြန်လွတ်လာပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
ခလရ - ၄၁ မှာ နိုင်ငံရေးအမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တဲ့ အမှုတွေကို အဲဒီ စစ်ကြောရေးစခန်းမှာ စစ်ဆေးပြီးမှ သက်ဆိုင်ရာရဲစခန်းနဲ့ လားရှိုးအကျဉ်းထောင်၊ အချုပ်ခန်းတွေကို ရွှေ့ပြောင်း တာပါ။
မနေ့က လားရှိုးအကျဉ်းထောင် အနီးတိုက်ပွဲတွေ ဖြစ်ခဲ့ပေမဲ့ လားရှိုးထောင်ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်တာ မရှိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဇူလိုင်လ ၂၄ ရက်နေ့ ဒီမနက်ပိုင်းမှာလည်း လားရှိုးမြို့ပေါ်က ခြေမြန်တပ်ရင်း ခမရ - ၅၀၇ တပ်ရင်းရှိတဲ့ ရပ်ကွက် (၅)၊ ရပ်ကွက်(၄)၊ ခြေလျင်တပ်ရင်း ခလရ - ၆၈ တပ် နဲ့ နီးကပ်တဲ့ ရပ်ကွက်(၁၂)၊ လားရှိုးအကျဉ်းထောင်နဲ့ ကချင်ကုန်းရွာ စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ရှမ်းပြည်နယ်စီးပွာရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ကဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
တိုက်ပွဲကြောင့် မြို့အတွင်းပိုင်းမှာ ကျန်နေတဲ့ဒေသခံတွေလည်း မကြာခင်မှာ စားနပ်ရိက္ခာပြတ်လပ်မဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ လားရှိုးဒေသခံတွေက ပြောပါတယ်။