မြန်မာ့ဒီမိုကရေစီရေး မိတ်ဖက်နိုင်ငံများနဲ့ အမေရိကန် အနီးကပ်ဆောင်ရွက်မည်
မြန်မာက ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ လုပ်ဖော်ကိုင်ဖက်နိုင်ငံတွေနဲ့အတူ ဆောင်ရွက်ဖို့ အရေးကြီးတဲ့အကြောင်း Antony Blinken က ပြောဆိုလိုက်ပါတယ်။
- 2022-02-13
-
-
-
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး ကိစ္စတွေကို ပြောဆိုကြတဲ့အခါ နိုင်ငံတကာက လုပ်ဖော်ကိုင်ဖက် နိုင်ငံတွေနဲ့ အတူ ဆောင်ရွက်ဖို့က အရေးကြီးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က စနေနေ့မှာပြောခဲ့တယ်လို့ အိန္ဒိယနိုင်ငံက ANI သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Chung Eui Yong နဲ့ ဝန်ကြီး Blinken တို့ တွေ့ဆုံပြီး မြန်မာ့အရေးနဲ့ဆိုင်တဲ့ ကြေညာချက် ထွက်လာခဲ့တာပါ။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ လျော့ကျရေး စစ်အုပ်စုကို တိုက်တွန်းတဲ့အခါ နိုင်ငံတကာက မိတ်ဆွေတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အဓိကထားပြီး ပြောဆိုခဲ့တာပါ။
မတရားအဖမ်းခံနေရသူအားလုံး ပြန်ပြီးလွတ်မြောက်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ ပေးခွင့်ရဖို့ ကိစ္စတွေကိုပါ ထည့်သွင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက် နေ့က ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာ ကြေညာချက်မှာလည်း မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန်က ဆက်ပြီး ရပ်တည်နေမှာဖြစ်ပြီး မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူချက် ငါးခုကို လက်ခံယုံကြည်နိုင်လောက်တဲ့ အနေအထားနဲ့ အကောင်အထည်ဖော်ရေး မြန်မာစစ်တပ် ကို တွန်းအားပေးတဲ့အခါ အမေရိကန်ပြည်ထောင်စုဟာ မိတ်ဖက်နိုင်ငံတွေနဲ့ အနီးကပ် လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။