ဒီပဲယင်းမြို့နယ် မှန်သာရွာသား သုံးယောက် သေနတ်နဲ့ ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် မှန်သာရွာမှာ ဒီဇင်ဘာ ၁၄ ရက် မနေ့က ဒေသခံအမျိုးသား သုံးယောက် လယ်ထဲမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-12-15
-
-
-
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် မှန်သာရွာမှာ ဒီဇင်ဘာ ၁၄ ရက် မနေ့က ဒေသခံအမျိုးသား သုံးယောက် လယ်ထဲမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာချိန် ထွက်ပြေးကြရင်းကနေ သူတို့ရဲ့ ခေါင်းတွေမှာ သေနတ်နဲ့ ပစ်သတ် ခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
"သူတို့မှာက ဘာလက်နက်မှ မရှိကြပါဘူးဗျ။ နောက်တစ်ချက်က စကစ ပုံစံက လူမြင်တာနဲ့ကို သတ်တော့ တာ၊ စစ်တိုက်တာ မဟုတ်တော့ဘူး။ လူမျိုးတုံးသတ်နေတဲ့ ပုံစံဖြစ်နေပြီ။ အရပ်သားရယ် PDF ရယ် မခွဲ တော့ဘူး တွေ့တာနဲ့ သတ်တော့တာပဲ။ ရပ်ရွာသဘာဝအရ တပ်ထောက်ခံတဲ့ သူတွေရှိတာပဲ။ သူတို့တောင် မနေရဲဘူး ပြေးကြပြီ"
အသက် ၃၀ ဝန်းကျင် အရွယ်တွေဖြစ်ကြတဲ့ ကိုထိန်လင်း၊ ကိုဇော်ဇော်အောင်၊ ကိုညိုတုန်း (ခေါ်) ကိုဇော်မျိုးဦး တို့ သေနတ်ကျည်ဆန်ထိမှန် သေဆုံးခဲ့ရပြီး သူတို့အလောင်းတွေကို စပါးပင်တွေနဲ့ ဖုံးထားခဲ့တာ တွေ့ရ တယ်လို့ ပြောပါတယ်။ ဒီနေ့မနက်မှာ သူတို့ကို သင်္ဂြိုဟ်ပေးလိုက်တယ်လို့ ပြောပါတယ်။
သူတို့ဟာ လူမှုရေး၊ ပရဟိတလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေဖြစ်ပြီး လက်ရှိ စစ်ဘေးရှောင်တွေကို ကူညီ ပေးနေတဲ့ သူတွေလို့ ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက်ကလည်း အရာတော်မြို့နယ် ကဲဘာရွာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။