စစ်ကောင်စီကို အရေးယူပေးဖို့ လက်ယက်ကုန်းဒေသခံတွေ တောင်းဆို

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာမှာ ကလေးခြောက်ယောက်အပါအဝင် အရပ်သား ၁၃ ယောက်သေဆုံးခဲ့တာ စက်တင်ဘာလ ၁၆ ရက်မှာ တစ်နှစ်ပြည့်ခဲ့ပါပြီ။

ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာအား စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာမှာ စစ်ကောင်စီက လေကြောင်းကနေတိုက်လို့ ကလေးခြောက်ယောက်အပါအဝင် အရပ်သား ၁၃ ယောက်သေဆုံးခဲ့တာ စက်တင်ဘာလ ၁၆ ရက်မှာ တစ်နှစ်ပြည့်ခဲ့ပေမဲ့ စစ်ကောင်စီ အရေးယူတာမခံရသေးဘဲ လေကြောင်းသုံးပြီး အရပ်သားတွေကို တိုက်တာတွေ ပိုများလာတာကြောင့် စစ်ကောင်စီကို အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ အရေးယူပေးဖို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လက်ယက်ကုန်းရွာသား တစ်ဦးက ပြောပါတယ်.

"ကျွန်တော်တို့လို နောက်ထပ် စာသင်ကျောင်းတွေ၊ အရပ်သားပြည်သူတွေ ဘယ်သူမှ မထိခိုက်စေချင်ဘူး၊ ဒီလူတွေကို ဘာကြောင်မထိန်းချုပ်နိုင်တာလည်း၊ ကျွန်တော်တို့လည်း ဘယ်လိုမှ နားမလည်နိုင်အောင်ပါဘဲ၊ ကျွန်တော်တို့တွေ ပေးဆပ်ထားရတာ သူတို့ပုဒ်မတွေ မခိုင်လုံသေးဘူးလား၊ စစ်ကောင်စီ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဒီလောက်ပေးဆပ်ထားတာတောင် မခိုင်လုံသေးဘူးဆိုရင် အရပ်သားပြည်သူတွေ ကျောင်းသား ကလေးသူငယ်တွေက သူတို့ကို ပုဒ်မတပ်ရအောင် ဘယ်လောက်ထပ်ပြီး အသက်တွေ ပေးဆပ်ရအုန်းမှာလဲ၊ ဒါတွေပဲ ကျွန်တော်မေးချင်ပါတယ်"

သေဆုံးသူတွေအတွက် တစ်နှစ်ပြည့်အနေနဲ့ ဆွမ်းကပ် အမျှဝေတာကို အကျဉ်းချုံးလုပ်ခဲ့ကြပါတယ်။ စက်တင်ဘာ ၁၄ ရက်နေ့ကတော့ လွမ်းသူပန်းခွေချတာ၊ တရားမျှတမှုရဖို့ ဆန္ဒပြတာတွေလုပ်ခဲ့တယ်လို့လည်း ဒေသခံတစ်ယောက်ကပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ လက်ယက်ကုန်းရွာကို ရဟတ်ယာဉ် လေးစင်းနဲ့ ရောက်သွားပြီး၊ အဲဒီထဲက နှစ်စင်းဟာ မဟာဓမ္မံရံသီ ဘုန်းကြီးကျောင်းဝန်းထဲက အလယ်တန်းကျောင်းကို ပစ်ခတ်ခဲ့ပါတယ်။ ကျန်တဲ့နှစ်စင်းပေါ်ကနေ စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင် ဆင်းလာပြီး လက်ယက်ကုန်း ရွာထဲကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ စက်တင်ဘာလ ၈ ရက်နေ့အထိ လေကြောင်းကနေ တိုက်ခိုက် တာကြောင့် အရပ်သားပြည်သူ ၄၃၄ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း AAPP က စက်တက်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက ၁၃၈ ဦးနဲ့ အများဆုံးလို့ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org